စစ်တွေမှ ရန်ကုန်သွားသည့် ခရီးသည်တင်ယာဉ်ပေါ်မှ မူဆလင်အမျိုးသမီး ၄ ဦးကိုဖမ်းဆီးခြင်းမှာ ရန်ကုန်ကိုသွားခွင့်မရှိ၍ဟုဆို

By Narinjara / 2022 April 30

ဧပြီ ၂၉ ရက်နေ့တွင် မာန်သစ္စာခရီးသည်တင်ယာဥ်ပေါ်မှ မူဆလင်အမျိုးသမီး ၄ ဦးကို အမ်းစစ်ဆေးရေးဂိတ် တစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းမှာ ရန်ကုန်ကို သွားလာခွင့်မရှိ၍ ဖမ်းဆီးခြင်းဟု မြို့နယ်အဆင့် တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

” သူတို့ကရန်ကုန်ကိုသွားခွင့်မရှိဘူးလေ။ အထောက်အထားမပါတော့။ အဲ့ဒါကြောင့် ဖမ်းတာပါ” ဟု အမ်းစခန်းမှူးဦးမျိုးကြည်က ပြောသည်။

၎င်းအမျိုးသမီး ၄ ဦးသည် မာန်သစ္စာခရီးသည်တင်ယာဥ်ဖြင့် စစ်တွေမှ ရန်ကုန်သို့ လိုက်ပါလာရာ အမ်းမြို့ (၁) မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် ဧပြီ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးထားသည့်အမျိုးသမီး ၄ ဦးကို အမ်းလဝကမှ အမှုဖွင့်ရန် ဆောင်ရွက်နေပြီး ၎င်းအမျိုးသမီး ၄ ဦးအား ကားဖြင့် တင်ဆောင်လာသည့်  ယာဥ်မောင်း ၂ ဦးကိုလည်း တရားမဝင်သယ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့်အမှုဖွင့်ဆောင်ရွက်နေသည်ဟု စခန်းမှူး ဦးမျိုးကြည်ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း အမ်းမြို့နယ်  ကံမြင့်ကန် စစ်ဆေးရေးဂိတ်တွင် စစ်တွေမှ ရန်ကုန်သို့ထွက်ခွာလာသည့် မာန်သစ္စာ ခရီးသည်တင်ယာဥ်တွင် ခိုးဝှက်တင်ဆောင်လာသည့် မူဆလင် ၄ ဦးကို ဖမ်းဆီးခဲ့ပြီး  ကားမောင်သူ ၃ ဦးကို  ရာဇသတ်ကြီးပုဒ်မ-၃၆၇ဖြင့် အမှုဖွင့်ခဲ့သည်ဟုသိရသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် မူဆလင်များကို သက်ဆိုင်ရာက ခရီးသွားခွင့်ပိတ်ပင်ထားပြီး တစ်ခြားပြည်နယ်နှင့် တိုင်းများသို့ သွားလာလျှင် အထောက်အထားမဲ့ဟု သတ်မှတ်ကာ အာဏာပိုင်များက ဖမ်းဆီး တရားစွဲဆိုမှုများရှိနေသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5420963911248975

Leave a Reply

Your email address will not be published.