By Development Media Group (DMG)/ 2022 April 08
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ၄၀၀ ခန့်မှာ စစ်ကောင်စီထံမှ ထောက်ပံ့မှု တစ်စုံတစ်ရာမရရှိသဖြင့် စားဝတ်နေရေးခက်ခဲနေကြသည်။
အဆိုပါစစ်ဘေးရှောင်များမှာ ရသေ့တောင်မြို့နယ်၊ အောင်ဇေယျ၊ ရေစိုးချောင်း၊ ပြိန်းတော စသည့်ကျေးရွာများနှင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင် ၊ပလက်ဝမြို့နယ်များမှဖြစ်ကြပြီး လက်ရှိတွင် စစ်တွေမြို့ ဗုဒ္ဓမော်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည်။
ယခင်က လူကယ်ပြန်မှ ဆန်နှင့်တခြားစားနပ်ရိက္ခာများ ထောက်ပံ့ပေးမှုရှိသော်လည်း ပြီးခဲ့သည့်သုံးလခန့်မှစတင်ကာ ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။ လက်ရှိတွင် WFP မှ ထောက်ပံ့သည့် ထောက်ပံ့ကြေးငွေ ၁၆၀၀၀ ကျပ်ကိုသာ အားကိုးနေရသဖြင့် မိသားစုစားဝတ်နေရေးခက်ခဲနေသည်ဟု ဆိုကြသည်။
“လက်ရှိတော့ ဆိုင်ကအကြွေးဝယ်ပြီး စားနေကြရတယ်။ ဆိုင်တွေကလည်း မပေးတော့ဘူး။ အခုလည်း အကြွေးသိန်းကျော်နေပြီ။ သူတို့ဆီကလည်း ဝယ်ခွင့်မပေးတော့ဘူးလေ။ ၁ သိန်းကျော်ရင် ဘယ်သူကအဲလောက်ထိပေးနိုင်မှာလဲ”ဟု ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာမှ မတင်တင်းကပြောသည်။
လက်ရှိတိုက်ပွဲရပ်တန့်နေသောကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်လိုကြသော်လည်း ကျေးရွာများအနီးတွင် မြန်မာစစ်တပ်က တပ်စွဲထားသောကြောင့် မပြန်ရဲဘဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
“အန်တီတို့နေခဲ့တဲ့ ရေစိုးချောင်းရွာမှာက လူတစ်ယောက်မှမရှိတော့ဘူး။ စစ်တပ်ရှိတယ်။ စစ်တပ်ရှိတဲ့အတွက် မပြန်ရဲဘူး။ ရွာက အောက်ဘက်မှာ၊ စစ်တပ်က အပေါ်(တောင်)မှာထိုင်နေတာ မသွားရဲဘူး။ ကြားမှာပါသွားရင်ကော။ အနီအနားစစ်တပ်ရှိခဲ့တဲ့ နေရာတွေမှာ မိုင်းတွေမြုပ်လို့မရှိဘူးလို့မဆိုနိုင်ဘူး”ဟု ရေစိုးချောင်းကျေးရွာမှ မမြခိုင်က DMG ကိုပြောသည်။
စစ်ဘေးရှောင်ဘဝဖြင့်နေရသည်မှာ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအတွက်အခက်အခဲရှိပြီး အလုပ်အကိုင်ရှာဖွေရန်လည်း ခက်ခဲမှုရှိသည်။ ထို့ကြောင့် မိမိနေရပ်များသို့သွားရောက်ကာ အေအေးချမ်းချမ်းလုပ်ကိုင်စားသောက်လိုကြသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
“စစ်ဘေးရှောင်ဘဝနဲ့ ဒီကိုရောက်နေတာ ၂ နှစ်ကျော်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တဲ့ကာလတုန်းက ကျနော်တို့အိမ်တော့ လက်နက်ကြီးဒဏ်ကြောင့် အားလုံးပြိုသွားခဲ့တယ်။ လောင်ချာတွေနဲ့ပစ်ကြတာ။ အဲဒီနေ့ကမိုးရွာနေလို့ အများကြီးမလောင်သွားဘူး။ အိမ်ကိုပြန်ချင်တယ်။ ဟိုမှာက ကိုယ့်အလုပ်နဲ့ကိုယ်ရှိတယ်။ မနက်ဖြန်ရရင် မနက်ဖြန်ပြန်ချင်တယ်“ဟု ရသေ့တောင်မြို့နယ်၊ အောင်ဇေယျကျေးရွာမှ ဦးစံလှမောင်ကပြောသည်။
ကျောက်တော်မြို့နယ် တင်းမနှင့် ရသေ့တောင်မြို့နယ် အောင်သာစည်၊ ထီးစွဲနှင့် ကျောက်တန်းများမှ ဒေသခံများကို ပြည်နယ်စစ်ကောင်စီက နေရပ်ပြန်ခွင့်ပိတ်ပင်ထားသည်။ ယင်းကျေးရွာအနီးများတွင် နှစ်ဖက်တပ်များနီးကပ်စွာရှိနေသေးသောကြောင့် နေရပ်ပြန်ရေးအစီအစဉ်မဖြစ်နိုင်သေးဟု ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှသိန်းက မတ်လ ၈ ရက်နေ့က ပြောဆိုထားသည်။
https://www.facebook.com/dmgnewsagency/posts/2265116180307447