By Western News/ 2022 April 23
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု စစ်ကောင်စီ က ဧပြီ ၂၂ ရက်နေ့တွင် ကြေညာသည်။
မြန်မာတစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဧပြီ ၂၂ ရက်တွင် ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပြီးနောက် ယခုကဲ့သို့ ကြေညာလာခဲခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထား သည့်ကာလနှင့် တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့လုပ်ဆောင် လာပါက တပ်မတော်အနေဖြင့် လိုအပ်သည့်အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက် သွားမည်”ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ ULA ဗဟိုဌာနချုပ်အတွင်းမှာလည်း ဆွေးနွေးရမည်ဖြစ်သလို၊ ညီနောင်မဟာမိတ်အဖွဲ့အစည်းများကြားတွင်လည်း ဆွေးနွေးစရာ ရှိသေးသည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ယခင်က မကြာခဏဖိတ်ခေါ်မှုများရှိခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကိုယ်တိုင် ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဖို့ ပြောကြားခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/508202524319590