ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်ချက် ALP ကြိုဆို

By Western News/ 2022 April 23

မြန်မာတစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခငြိမ်းချုပ်ရေးကို ဆောင်ရွက်ရန်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်ချက်အပေါ်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ကြိုဆိုကြောင်း ပြောသည်။

ALP အနေဖြင့် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်လုပ်ကိုင်လာသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသော တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းကာ ငြိမ်းချမ်းရေးတံခါးဖွင့်ရန်နှင့် EAOs များအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများလုပ်ပေးရန်လည်း တောင်းဆိုဖူးသည်ဟု ALP က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းမည်ဆိုလျှင် ဆွေးနွေးလိုစိတ်ရှိရန် အရေးကြီးသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၏ ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ကျမတို့ကတော့ တစိုက်မတ်မတ် ငြိမ်းချမ်းရေးတံခါးကိုဖွင့်ဖို့အတွက် တိုက်တွန်းနေပါတယ်။ ထိုနည်းလည်းကောင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးတံခါးဖွင့်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေ ရှိဖူးတယ်။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ဖို့လည်း တောင်းဆိုဖူးပါတယ်။ ယခုတွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဖိတ်ခေါ်တဲ့အပေါ်မှာ ကျမတို့အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းမယ်ဆိုရင် ဆွေးနွေးလိုစိတ်ရှိဖို့ အရေးကြီးတယ်လို့မြင်ပါတယ်”ဟုပြောသည်။

 ALP အနေဖြင့် ဆွေးနွေးပွဲသို့တက်ရောက်ရန် ၄င်းတို့၏ ပါတီတွင် အစည်းအဝေးပြုလုပ်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းမှာ မြန်မာ့နိုင်ငံရေးတွင် ဆွေးနွေးရေးလမ်းကြောင်းပွင့်ရန် ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ထင်မြင်မိကြောင်း ၄င်းကဆက်ပြောသည်။

တိုင်းရင်းသားပြည်သူများအားလုံး ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနိုင်ရေးအတွက် EAOs များနှင့် ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားမည်ဟုလည်းစစ်တပ်ပိုင် မြဝတီသတင်းဌာနက ယမန်နေ့ ဧပြီ ၂၂ ရက်တွင် ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၄င်းဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်လိုသူများ၏ အမည်များကို ယခုနှစ် မေလ ၉ ရက်နေ့ကို နောက်ဆုံးထား၍ ပေးပို့စေလိုကြောင်း ၄င်းက ပြောဆိုခဲ့သည်။

ယခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံဆွေးနွေးနေစဥ်ကာလအတွင်း နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ပါက ပြန်လည်တုံ့ပြန်သွားမည်ဟုလည်း စစ်ကောင်စီ ကြေညာထားသည်။

https://www.facebook.com/westernnewsagency/posts/508447117628464

Leave a Reply

Your email address will not be published.