ကျေးရွာ ၁၀ ကျော်အားထားနိုင်မည့် အမ်းမြို့နယ်၊ ကျောက်မြောင်းတိုက်နယ်ဆေးရုံကို အမြန်ဆုံးဖွင့်လှစ်ပေးရန်ဒေသခံများလိုလား

By Development Media Group (DMG)/ 2022 April 25

ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံလူဦးရေတစ်သောင်းခန့် ကျန်းမာရေးအတွက်အားထားနိုင်မည့် အမ်းမြို့နယ်၊ သပြုချိုင်ကျွန်းရှိ ကျောက်မြောင်းတိုက်နယ်ဆေးရုံကို အမြန်ဆုံးဖွင့်လှစ်ပေးရန်အတွက် ဒေသခံများကလိုလားနေကြသည်။

အဆိုပါတိုက်နယ်ဆေးရုံကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကပင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု(၈)နှစ်ကြာသည့်တိုင် ပြီးစီးခြင်းမရှိသေးကြောင်းသိရသည်။

“ဒီတိုက်နယ်မှာ ကျေးရွာ ၁၁ ရွာရှိပြီးတော့ လူဦးရေလည်း တစ်သောင်းနီးပါးလောက်ရှိတယ်။ ဒီဆေးရုံရဲ့ ပြီးစီးမှုရာခိုင်နှုန်း ကတော့ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။ ရေစင်တွေ၊ အိမ်သာတွေနဲ့ ခွဲစိပ်ခန်းအပြင် ကြွေပြားကပ်ရမယ့်နေရာတွေလည်းရှိသေးတယ်”ဟု ကျောက်မြောင်းကျေးရွာ ရာအိမ်မှူးဟောင်း ဦးသိန်းရွှေဦးက DMG ကိုပြောသည်။

လက်ရှိတွင် ဒေသခံများမှာ ကျောက်မြောင်းကျေးလက်ကျန်းမာရေးဌာနမှဖွင့်ပေးထားသည့် ဆေးခန်းကိုသာ အားကိုးနေကြရပြီး ဆရာဝန်မရှိသည့်အတွက် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များတွင် မလိုလားအပ်သည့် အသက်သေဆုံးမှုများ မကြာခဏတွေ့ကြုံရကြောင်း ကျောက်မြောင်းရွာသား ဦးတင်ရွှေမောင်ကဆိုသည်။

“ဒီမှာက ကုန်းတတန်၊ ရေတစ်တန်နဲ့ သွားရလာရခက်ခဲတဲ့နေရာဖြစ်တယ်။ တချို့လူနာတွေဆိုရင် ဆေးရုံကိုသွားတဲ့လမ်းခရီးမှာတင် အသက်သေဆုံးသွားတာတွေရှိတယ်။ တချို့ကျတော့ လမ်းခရီးအတွက် ကုန်ကျမယ့်ငွေမရှိလို့ မသေသင့်ဘဲသေဆုံးသွားရတဲ့လူတွေလည်းရှိတယ်။ အဲဒီလို မဖြစ်သင့်တာတွေမဖြစ်ဖို့ ဒီတိုက်နယ်ဆေးရုံကို အမြန်ဖွင်လှစ်ပေးစေချင်တယ်”ဟု ဦးတင်ရွှေမောင်မှ ဆိုသည်။

လက်ရှိအခြေအနေတွင် အရေးပေါ်လူနာများကို ကျောက်မြောင်းကနေ မိုင် ၄၀ ခန့်ဝေးကွာသည့် အမ်းပြည့်သူ့ဆေးရုံနှင့် ၁၂ မိုင်ခန့်ဝေးကွာသည့် တပ်တောင်တိုယ်နယ်ဆေးရုံများသို့ ကုန်းတစ်တန်ရေတစ်တန်ခရီးဖြင့် ခက်ခဲစွာသွားရောက်ကုသနေကြရကြောင်းလည်း ဒေသခံများမှဆိုသည်။

အမ်းမြို့ခံ ကိုမျိုးလွင်က “ဒီဆေးရုံဟာ ၂၀၁၄ ခုနှစ်ကတည်းက တည်ဆောက်နေခဲ့တာ ခုဆို ၂၀၂၂ ကိုရောက်နေပြီ၊ ဒီအချိန်ထိ ပြီးစီးဖွင့်လှစ်မှု မရှိသေးဘူး။ ဒါဟာ ဒေသခံတွေရဲ့ ကျန်းမာရေး လိုအပ်ချက်ကို သက်ဆိုင်ရာကလျစ်လျူရှုထားတာနဲ့အတူတူပဲ”ဟု ဝေဖန်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

https://www.facebook.com/dmgnewsagency/posts/2277891569029908

Leave a Reply

Your email address will not be published.