By Western News/ 2022 April 21

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့်စွဲချက်တင်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုအား ယနေ့ဧပြီ ၂၁ ရက်နေ့ ရုံးချိန်းမှာ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပြုလုပ်ရမည်ဖြစ်သော်လည်း တရားသူကြီးမရှိဟုဆိုကာရုံးချိန်းကိုရွေ့ဆိုင်လိုက်ရသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က Western News ကိုပြောသည်။
“ဒီနေ့က အပြီးသတ်လျှောက်လဲချက် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီး မရှိလို့ မေလ ၅ ရက်နေ့သို့ ရုံးချိန်းကို ရွေ့ဆိုင်းလိုက်ပါတယ်”ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၃၃ ဦးအားပြန်လည်လွှတ်ပေးလိုက်ပြီး အမှုတွင်ပါဝင်သည့် ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ကိုဌေးဝင်း၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်းတို့ ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်အမှုဖွင့်ခံရကာ လက်ရှိတွင်တရားရင်နေကြရဆဲဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် ကျောက်ဆိပ်ကျေးရွာသားများအားစစစ်တပ်ရေယာဉ်တစ်ခုတွင် စစ်တပ်က ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာပြီးနောက် ဝေဖန်မှုမြင့်တက်ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ စစ်တပ်မှလည်း ၎င်းတို့ လုပ်ဆောင်ကြောင်း ဝန်ခံခဲ့ပြီး ပါဝင်သူများအား အရေးယူသွားမည်ဟုထုတ်ပြန်ခဲ့သည်။
အဆိုပါ ကျောက်ဆိပ်ကျေးရွာသားများအားဖမ်းဆီးပြီးနောက် ၎င်းတို ၅ ဦးအာ ပုဏ္ဏားကျွန်းမြို့ ခမရ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၂ ရက်ကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှုတွင် လိုပြသက်သေစုစုပေါင်း ၉ ပါဝင်ခဲ့ပြီး ၂ နှစ်ကြာ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
ပြီးခဲ့ သည့် ၂၀၂၀ခုနှစ် ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ဆိပ်ကျေးရွာသား ၈ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။ စစ်တပ်ဘက်က ယင်းနေ့ညနေက ၎င်းတို့ လုပ်ရပ်မဟုတ်ကြောင့် ငြင်းချက်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်းယင်းလက်နက်ကြီးထဲမှ တစ်ခုတွင် ၁၂၀ မမ MK- II ဟုပါရှိပြီး ကျေးရွာသားများက မြန်မာစစ်တပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
စစ်ကောင်စီမှ AA နှင့်စပ်ဆက်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် ဖမ်းဆီးခံထားရသူ ၇၀ ခန့်ကျန်ရှိနေသေးသည်ဟု စာရင်းကောက်ယူနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။
စစ်ကောင်စီမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသူ ၁၀၀ ကျော်ကို ပြန်လွတ်ပေးခဲ့သော်လည်း ကျောက်ဆိပ်ကျေးရွာသားများ ပါဝင်ခြင်းမရှိဘဲ နှစ်သစ်ကူးတွင် လွတ်ငြိမ်းသာခွင့်ဖြင့် လွှတ်မြောက်ရန် မိသားစုဝင်များမျှော်လင့်ခဲ့ကြသော်လည်း လွှတ်ပေးသူများတွင် နိုင်ငံရေးမှု၊ အကြမ်းဖက်မှုဖြင့်တရားစွဲခံထားရသူ တစ်ဦးမှ မပါဝင်ခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/507185784421264