ULA/AA ၏ တရားရုံးများတွင် လာရောက်တိုင်တန်းကြသည့် အမှုပေါင်း ၄၀၀၀ နီးပါးရှိဟု AA ပြောရေးဆိုခွင့်ရှိသူပြော

By Mizzima / 2022 March  06

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA/AA ) က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းကို ကိုင်တွယ်လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း ULA/AA တရားရုံးများတွင် လာရောက်တိုင်တန်းကြသည့် အမှုပေါင်း ၃၈၃၈ မှု အထိရှိသည်ဟု ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရာဇဝတ်မှု ၁၈၄၆ မှု နှင့် တရားမမှု ၁၉၉၂ မှုတို့ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့ မတ်လ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လာရောက် တိုင်တန်းထားသည့် အမှုများထဲမှ ရာဇဝတ်မှု ၁၀၂၅ မှု နှင့် တရားမမှု ၈၇၅မှု တို့ကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး ရာဇဝတ်မှုပေါင်း ၈၂၁မှုနှင့် တရားမမှု ၁၁၁၇မှုတို့ မဖြေရှင်းနိုင်ဘဲ ကျန်ရှိနေသေးသည်ဟု ၎င်းကပြောသည်။

“မဖြေရှင်း ကျန်ရှိနေတဲ့ အမှုတွေ ကြန့်ကြာနေရတဲ့ အကြောင်းမှာ COVID-19 ရောဂါ အခြေအနေကြောင့်နဲ့ တချို့အမှုတွေမှာ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုမှုတွေ လိုအပ်တဲ့အမှုတွေ၊ နောက်ပြီးအမှုတွေကို အကဲဖြတ်ပေးဖို့ ကျွမ်းကျင်သူတွေ လုပ်အပ်ချက်တွေလည်း ရှိနေပါတယ်” ဟု ခိုင်သုခက ပြောသည်။

ULA/AA ၏ အုပ်ချုပ်ရေးပိုင်းတွင် လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်တချို့ အာဏာ အလွဲသုံးစားပြုလုပ်နေမှုနှင့် တရားစီရင်ရေး ဆုံးဖြတ်ချက်တချို့နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြောင်းတို့ကို ရခိုင်ပြည်သူများက ဝေဖန် ထောက်ပြနေကြသည်။

တရားစီးရင်ရေးဆိုင်ရာ မှားယွင်းဆုံးဖြတ်ချက်များနှင့် အာဏာ အလွဲသုံးစားပြုလုပ်မှုများကို ULA/AA ဗဟို အနေဖြင့်လည်း သိရှိထားပြီး အထူးအလေးအနက်ထား ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

ထိုအလွဲသုံးစားမှုများအပေါ် ပြည်သူများအနေဖြင့် သေချာစွာ တိုင်တန်းပါက အာဏာအလွဲသုံးစား ပြုလုပ်နေသူများကို အပြစ်ပေးမှုတို့ရှိသည် ဟုပြောသည်။

“အာဏာပါဝါပြတယ်ဆိုတာက သေချာလေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေ မဟုတ်တာကြောင့် တချို့က စကားပြောဆိုတာတွေ ချောချောဖြူဖြူ မရှိတာတွေ ပါတက်တယ်။ အဓိကတော့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ရင် အပြစ်ပေးတာတွေ ရှိတယ်။ ဆက်ပြီးရှိလာရင်လည်း ပြည်သူတွေက သေသေချာချာ သတင်းပို့ကြပါ။ နောက်ပိုင်းကျရင် အခြေအနေ လိုအပ်ချက်အရ ဘယ်သူ့ကို ဘယ်လိုအရေးယူကြောင်း ပြည်သူတွေကို တတ်နိုင်သလောက် အသိပေးဖို့ရှိပါတယ်” ဟု ခိုင်သုခကပြောသည်။

ရခိုင်ပြည်သူများအတွက် အားနည်းချက်၊ လိုအပ်ချက်များရှိခဲ့သည့် အမှုများကို ပြန်လည် စီစစ်ပြီး တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရန် ကြိုးစားနေသည်ဟု ပြောဆိုသည်။

ပြည်သူများ အနေဖြင့်လည်း ပြစ်တင်ရှုတ်ချမှုများကိုလုပ်ဆောင်နေမည့်အစား ကိုယ်တိုင် ကိုယ်ကျ တာဝန်သိစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်ရန် ဖိတ်ကြားသည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

https://www.facebook.com/MizzimaDaily/posts/5379436938757834

Leave a Reply

Your email address will not be published.