ULA/ AA ၏အာဏာပါဝါကို အလွဲသုံးစားလုပ်သည့် အောက်ခြေဝန်ထမ်းများကို အပြစ်ပေး၊ အရေးယူမှုများရှိဟု ဦးခိုင်သုခ ပြော

By Narinjara / 2022 March  05

မာန်ယုကျော် (ရွှေဝမြေ)

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)၏ အာဏာပါဝါကို အလွဲသုံးစားလုပ်သည့် အောက်ခြေဝန်ထမ်းများကို အပြစ်ပေး၊ ရေးယူမှုများရှိသည်ဟု ULA/AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“အာဏာပါဝါပြတယ်ဆိုတဲ့ကိစ္စက အဓိက ကျနော်တို့မှာ သေချာလေ့ကျင့်ထားတဲ့ဝန်ထမ်းတွေလည်း မဟုတ်ဆိုတော့ တချို့ စကားပြောဆိုတဲ့နေရာတွေမှာ ချောချောချူချူမကျတာတွေ၊ အဲဒါတွေတော့ ရှိပါတယ်။ ဆိုတော့အဓိကတော့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်တဲ့သူတွေရှိရင် အရေးယူပြီးတော့ အပြစ်ပေးထားတဲ့သူတွေလည်း ကျနော်တို့မှာရှိပါတယ်”ဟု ပြောသည်။

ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းက အွန်လိုင်းမှပြုလုပ်သည့် ULA/AA ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ULA/ AA တွင် အောက်ခြေဝန်ထမ်းများက ယခုကဲ့သို့ အာဏာပါဝါအလွဲသုံးစားလုပ်သည်ကို တည့်မတ်ပေးဖို့စေတနာရှိသူများအနေဖြင့် အာဏာပါဝါအလွဲသုံးစားလုပ်သူသည် မည်သူ၊ မည်သည့်ရွာ၊ မည်သည့်အချိန်ကဆိုသည်ကို တိတိကျကျ သတင်းပေးတိုင်ကြားပေးစေလိုသည်ဟုလည်း ဦးခိုင်သုခက မေတ္တာရပ်ခံသည်။

“ဆက်လက်ပြီးတော့လည်း ဒီလိုအဖြစ်အပျက်တွေရှိတယ်ဆိုရင် တိတိကျကျ ကျနော်တို့ဆီကို သတင်းပို့ပေးကြပါ။ ဆိုတော့ နောက်ပိုင်းဆိုရင်တော့ အခြေအနေရဲ့လိုအပ်ချက်အရ ဘယ်သူ့ကို ဘယ်လိုအရေးယူထားတယ်ဆိုတာကို ကျနော်တို့ ပြည်သူကို အသိပေးလို့ ရနိုင်သမျှ ကျနော်တို့အသိပေးသွားဖို့အစီအစဉ်ရှိပါတယ်”ဟု ပြောသည်။

ULA/ AA အနေဖြင့် လက်ရှိ နားလည်မှုဖြင့် အပစ်ရပ်စဲထားချိန်တွင် ရခိုင်ပြည်အတွင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်နေရသည်ဖြစ်ရာ အောက်ခြေဝန်ထမ်းများတွင် အုပ်ချုပ်ရေးအတွေ့အကြုံမရှိသေးသည့်အတွက် လေ့ကျင့်ပျိုးထောင်နေရသလို တရားဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်း သင်တန်းများပေးနေရသည်ဟုလည်း ဆိုသည်။

https://www.facebook.com/narinjara.info/posts/5271250602886974

Leave a Reply

Your email address will not be published.