ULA/AA မှ ၂ နှစ်တာ တရားစီရင်မှုကာလအတွင်း အမှုပေါင်း ၃၈၀၀ ကျော်လက်ခံရရှိ၊ ၅၀ ရာခိုင်နှုန်းခန့်ဖြေရှင်းပြီးဟုဆို

By Western News/ 2022 March 05

ULA/AA အနေဖြင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ် တရားစီရင်မှုကာလအတွင်း ပြည်သူများမှ ၎င်းတို့ထံသို့တိုင်ကြားမှုရှိလာသည့် အမှုပေါင်း ၃၈၀၀ ကျော်လက်ခံရရှိပြီး ထိုအမှုများမှ ၅၀ ရာခိုင်နှုန်းခန့်မှာ ဖြေရှင်းပြီးဖြစ်သည်ဟု မတ်လ ၅ ရက်နေ့  ရက္ခိုင့်တပ်တော်မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုသို့လက်ခံရရှိသည့်အမှုများမှာ ရာဇဝတ်မှုပေါင်း ၁၈၀၀ ကျော်နှင့်   တရားမမှုပေါင်း ၁၉၀၀ ကျော်ဖြစ်ပြီး ထိုအထဲတွင် ၅၀ ရာခိုင်နှုန်းမှာ ဖြေရှင်းပြီးဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှာ စစ်ဆေးနေဆဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ကျနော်တို့ ULA/AA တရားရေးဌာနပိုင်းအနေနဲ့ ၂ နှစ်တာအတွင်းမှာ ရာဇဝတ်မှုပေါင်း ၁၈၄၆ မှု၊ တရားမမှုပေါင်း ၁၉၉၂ မှု လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီအမှုတွေထဲမှာ တစ်ချို့ကဖြေရှင်းပြီးပေမယ့် တစ်ချို့ကတော့စစ်ဆေးနေဆဲပါ။ ဖြေရှင်းပြီးတဲ့ အမှုပေါင်းကတော့ တရားမမှုက ၈၇၆ မှု၊ ရာဇဝတ်မှုပေါင်း ၁၀၂၅ မှုပါ။ မဖြေရှင်းရသေးတဲ့အမှုကတော့ ရာဇဝတ်မှုက ၈၂၁ မှုနဲ့၊ တရားမမှုက ၁၁၁၇ မှုဖြစ်ပါတယ်” ဟုပြောသည်။

လက်ရှိတွင် ULA/AA ၏ တရားရေးဌာနသို့ တိုင်ကြားလာသည့်အမှုများမှာ ပိုမိုများပြားလာသည့်အတွက် တရားရုံးများကိုလည်း တိုးချဲ့ရန်ရှိပြီး တရားရေးစီရင်မှုပိုင်းနှင့်ပတ်သက်၍ တရားမျှတမှူရှိစေရန် ကြိုးစားလုပ်ဆောင်နေသည်ဟု ခိုင်သုခကဆက်ပြောသည်။

ULA/AA မှာ ရခိုင်ဒေသတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတို့အား တွင်ကျယ်စွာလုပ်ဆောင်လျှက်ရှိပြီး တရားစီရင်ရေးချို့နှင့်ပတ်သက်၍လည်း ကဲ့ရဲ့ရှုတ်ချခြင်းမျိုးမဟုတ်ပဲ အပြုသဘောဆောင်သောဝေဖန်ချက်များကို ကြိုဆိုကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

https://www.facebook.com/westernnewsagency/posts/477286407411202

Leave a Reply

Your email address will not be published.