ULA/AA က ရခိုင့်သယံဇာတရေးရာနှင့်ပတ်သက်ပြီး မူဝါဒများရေးဆွဲနေဟုဆို

By Narinjara / 2022 March  07

ထက်အောင်

ဓာတ်ပုံ – မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ရေနံစင်တစ်ခုအား တွေ့ရစဉ်။ / Photo − Supplied

ရခိုင်ပြည်နယ်အတွင်း သဘာဝသယံဇာတရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး သီးခြားမူဝါဒများရေးဆွဲလျက်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ထိုသို့မူဝါဒများရေးဆွဲနေခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမပြောသော်လည်း နောက်ပိုင်းတွင် ပြည်သူများအား အသိပေးသွားမည်ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“သယံဇာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ကျနော်တို့ဟာ သယံဇာတနဲ့ပတ်သက်တဲ့မူဝါဒတွေကို ULA/AA  မှာ ရေးဆွဲနေဆဲကာလဖြစ်ပါတယ်။ အဲဒါကို ရေးဆွဲပြီးလို့ အသိပေးလို့ရတဲ့အချိန်မှာ အသိပေးသွားပါမယ်” ဟု ပြောသည်။

ULA/AA အနေဖြင့် ထိုသို့သဘာဝသယံဇာတရေးရာနှင့်ပတ်သက်ပြီး မူဝါဒများရေးဆွဲနေခြင်းမှာ ကောင်းမွန်ပြီး ကြိုဆိုရမည်ဖြစ်သော်လည်း အများပြည်သူလက်ခံနိုင်သည့်မူဝါဒဖြစ်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် အမ်းမြို့နယ်မှ ကိုမျိုးလွင်က ပြောသည်။

“ရခိုင်ကမ်းရိုးတန်းနဲ့ ရခိုင်ပင်လယ်ပြင်မှာရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်လူထုရဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ မထုတ်ယူဖို့နဲ့ ရခိုင်လူထုရဲ့အကျိုးခံစားခွင့်မရှိဘဲ မထုတ်ဖို့ စတဲ့အချက်တွေကို မူဝါဒတစ်ရပ်မှာ ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအတွင်း သစ်တော၊ သားငါးသယံဇာတ၊ ရေနံနှင့် ရွှေသဘာဝဓာတ်ငွေ့ထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။

ရခိုင်မှထွက်ရှိသည့်သယံဇာတများအနက် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အစိုးရက ပြည်ပသို့ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီကာ ရောင်းချနေသာ်လည်း ရခိုင်ပြည်သူများသည် ထိုသယံဇာတများရောင်းချမှုမှအကျိုးခံစားခွင့်များကိုမရရှိကြဘဲ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခါးစည်းခံနေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် မိမိတို့ပြည်နယ်မှထွက်ရှိသည့်သဘာဝသယံဇာတများကို မိမိတို့ကိုယ်တိုင်ထုတ်ယူသုံးစွဲခွင့်မရဖြစ်နေခြင်းဖြစ်သည်ဟု ပြောသည်။

 “၂၀၀၈ ဖွဲ့စည်းပုံနဲ့ သွားနေတာဆိုတော့ ဖွဲ့စည်းပုံအရဆိုရင် ပြည်နယ်တွေဟာ သယံဇာတနဲ့ပတ်သက်လို့ ခံစားပိုင်ခွင့်မရှိဘူး။ အခွန်အခကောက်တဲ့အခါလည်း ပြည်နယ်အစိုးရဟာ ဘာမှကောက်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သဘာဝသယံဇာတတွေကို တိုင်းရင်းသားတွေအကုန်လုံးလိုချင်ကြတယ်။ သို့ပေမယ့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထုတ်ယူသုံးစွဲခွင့် မရှိဘူးလို့ မြင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ သဘာဝသယံဇာတများစွာထွက်ရှိသည့်ပြည်နယ်တစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်အဖြစ်မှ လွတ်ကင်းနိုင်ရန် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတများမှထွက်ရှိလာသည့် အကျိုးအမြတ်များကို အပြည့်အဝခံစားခွင့်ရရှိသင့်သည်ဟုလည်း ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူမှုရေးလှုပ်ရှားသူများက ပြောဆိုနေကြသည်။

https://www.facebook.com/narinjara.info/posts/5276612395684128

Leave a Reply

Your email address will not be published.