PDF သံသယဖြင့်တရားစွဲခံထားရသည့် ကိုမင်းကိုဦးအမှု လာမည့်ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်

By Narinjara / 2022 March  28

သဥ္ဇာနွယ်

PDF သံသယဖြင့်အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်ဟု သိရသည်။

ကိုမင်းကိုဦးအမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့်တရားခံပြသက်သေတစ်ဦးကို ယနေ့ မတ်လ ၂၈ ရက်တွင် အပြီးသတ်စစ်ဆေးခဲ့ပြီဖြစ်သည့်အတွက် လာမည့် ဧပြီ ၄ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာတော့မည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာကိုပြောသည်။

“အရင်တစ်ခေါက်က ကျန်ခဲ့တဲ့ တရားခံပြသက်သေတစ်ဦးကိုစစ်ပြီးသွားပြီ။ ဒါကြောင့် လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ကြားနာတော့မှာပါ”ဟု ပြောသည်။

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

ယင်းနောက် သူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခံခဲ့ရကာ မတ်လ ၁၀ ရက်တွင် စွဲချက်တင်ခံလိုက်ရသည်။

လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်၌ ထိန်းသိမ်းထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်တို့တွင် ၉ ဦးအထိရှိနေပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5332542020091165

Leave a Reply

Your email address will not be published.