PDF သံသဖြင့်ဖမ်းဆီးခံထားရသည့် ကိုမင်းကိုဦးအမှုကို ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ်စစ်ဆေးမည်

By Narinjara / 2022 March  15

သဥ္ဇာနွယ်

PDF ကို ငွေထောက်ပံ့သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးအမှုကို လာမည့် ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ်စစ်ဆေးသွားမည်ဟု သိရသည်။

ကိုမင်းကိုဦး၏အမှုတွင်ပါဝင်သည့် တရားလိုအပါအဝင် တရားလိုပြသက်သေ ၉ ဦးစလုံးကို မတ်လ ၁၃ ရက်နေ့က သံတွဲမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ပြီးနောက် ကိုမင်းကိုဦးကို ယမန်နေ့ မတ်လ ၁၄ ရက်တွင် စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ကိုမင်းကိုဦးအမှုကို လာမည့် မတ်လ ၂၁ ရက်ကို ထပ်မံရုံးချိန်းလိုက်ပြီး ယင်းအပတ်မှစတင်ကာ ရက်ပေါင်း ၁၁ဝ အတွင်း အပြီးသတ် စစ်ဆေးသွားမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါသိင်္ဂီမောင်က နိရဥ္စရာကို ပြောသည်။

“ကျမတို့အနေနဲ့တော့ လာမယ့် ရက်ပေါင်း ၁၁၀ အတွင်းမှာ အမှုကို အပြီးသတ်စစ်ဆေးမယ်လို့လုပ်ထားပါတယ် “ဟု ပြောသည်။

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

ယင်းနောက် သူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခံခဲ့ရကာ မတ်လ ၁၀ ရက်နေ့တွင် စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်။

လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်တို့တွင် ၉ ဦးအထိရှိနေပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5297849153560452

Leave a Reply

Your email address will not be published.