PDF ကို ငွေထောက်ပံ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် သံတွဲမှ အမျိုးသမီး ၃ ဦးအား မတ်လ ၃၁ ရက်တွင် အပြီးသတ်အမိန့်ချမည်

By Narinjara / 2022 March  28

မြထွီးသျှင်

PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ အမျိုးသမီး ၃ ဦးအား မတ်လ ၃၁ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

တရားစွဲခံထားရသည့်အမျိုးသမီး ၃ ဦးမှာ သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်၊ ဒေါ်တင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်တို့ဖြစ်သည်။

၄င်းတို့နှင့်ပတ်သက်ပြီး စစ်ဆေးစရာအဆင့်များအားလုံးကို စစ်ဆေးပြီးပြီဖြစ်ပြီး နှစ်ဘက်လျှောက်လဲချက်ကြားနာပြီးပြီဖြစ်၍ လာမည့်ရုံးချိန်းဖြစ်သည့် မတ်လ ၃၁ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။

“အခုရောက်ရှိနေတဲ့အဆင့်က အကုန်လုံးစစ်ပြီးလို့ နှစ်ဘက်လျှောက်လဲချက်ကြားနာပြီးပြီ။ ကြားနာပြီးတော့ အခုအပြီးသတ်ဆုံးဖြတ်ဖို့ကျတော့ မတ်လ ၃၁ ရက်နေ့ကို ချိန်းလိုက်တယ်” ဟု ပြောသည်။

အဆိုပါအမျိုးသမီး ၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် သံတွဲခရိုင်တရားရုံး၌ တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီး ၃ ဦးအနက် ဒေါ်ငြိမ်းအိဖြိုးကျော်နှင့် မတင်စန္ဒာဝင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင်နေအိမ်မှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဒေါ်စန်းချိုသိုက်သည် နောက်ထပ် ၃ ရက်အကြာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ၁ဝ ဦးအထိရှိခဲ့သည်ဟု သိရသည်။

ယင်းအနက် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါသည် PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။

https://www.facebook.com/narinjara.info/posts/5332559430089424

Leave a Reply

Your email address will not be published.