By Voice Of Westland (VOW)/ 2022 March 01
အဉ္ဇနခင်

ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးထောက်ပံ့တဲ့စွဲချက်နဲ့ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မနဲ့တရားစွဲခံထားရတဲ့ ဂွမြို့နယ်ကအမျိုးသားနှစ်ဦးအမှုဟာ လာမယ့် မတ်လ ၄ ရက်နေ့မှာ ဒုတိယအကြိမ်ရမန်ယူရမယ်လို့ ဂွမြို့မရဲစခန်းကဒုရဲမှူး သူရိန်လင်းထက်က ပြောပါတယ်။
“သူတို့အမှုက မတ်လ ၄ ရက်နေ့ကျရင် ဒုတိယရမန်ထပ်ယူရမယ်” လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ဂွမြို့နယ်၊ ဒေါင်ချောင်းကျေးရွာအုပ်စု၊ ဆားချက်ကွင်းကျေးရွာက အသက်(၃၁ )နှစ် အရွယ် ဆောက်လုပ်ရေးလုပ်သား ကိုနိုင်နိုင်အေးနဲ့ ရန်ကုန်ကနေအလုပ်လာရောက်လုပ်ကိုင်နေတဲ့အသက်(၃၄) နှစ်အရွယ် မြို့ပြအင်ဂျင်နီယာ ကိုဇင်မိုးပိုင်(ခေါ်)ပီတာတို့ ဖြစ်ပါတယ်။
PDF,NUG,CRPH စတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကို Kpay အကောင့်ဖွင့်ပြီး ငွေကြေးထောက်ပံ့တဲ့အတွက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဒုရဲမှူး သူရိန်လင်းထက်က ပြောပါတယ်။
ဖမ်းဆီးခံထားရသူ ကိုနိုင်နိုင်အေးကို ဂွမြို့မရဲစခန်းမှာ သွားရောက်တွေ့ဆုံဖို့ မိခင်ဖြစ်သူကကြိုးစားခဲ့
ပေမယ့် အခုချိန်ထိတွေ့ခွင့်မရသေးဘူးလို့ ကိုနိုင်နိုင်အေးရဲ့ အစ်မဒေါ်မြင့်မြင့်ခင်က VOW ကို ပြောပါတယ်။
“ရှေ့နေလည်း မငှားရသေးဘူး။ငှားဖို့ကလည်း ပိုက်ဆံကမတတ်နိုင်ဘူးလေ။ တစ်နေ့လုပ်မှတစ်နေ့စားနေရတာဆိုတော့။ ဒါပေမယ့် တတ်နိုင်သလောက်ရှေ့နေငှားဖို့ တိုင်ပင်နေပါတယ်”လို့ ဒေါ်မြင့်မြင့်ခင်
ကပြောပါတယ်။
ရခိုင်မှာ PDF နဲ့ဆက်စပ်ပြီး အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၁ဝဦးကျော်ရှိနေပြီး အဲဒီအထဲကမြောက်ဦးမြို့နယ်က လူငယ်စာရေးဆရာကိုမင်းဒီပါကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြောက်ဦးခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေ ဦးကျော်စိုးလင်းက ပြောပါတယ်။
နောက်ထပ် PDF နဲ့ဆက်စပ်ပြီး အမှုရင်ဆိုင်နေရတဲ့တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဌ ကိုမင်းကိုဦးအမှုကိုလည်း လာမယ့် မတ်လ ၁၀ ရက်နေ့မှာ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးရမယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဒေါ်သိင်္ဂီမောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဟာ အနိမ့်ဆုံးထောင်ဒဏ် (၁၀)နှစ်ထိချမှတ်ခံရနိုင်သလို အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။