NUG က တွေ့ခွင့်တောင်းခြင်းအပေါ် AA ဖက်မှ တုန့်ပြန်

BBy Western News/ 2022 March 27

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ မဟာမိတ်ဆက်ဆံရေးကော်မတီမှ ULA/AA အား မိတ်ဆက်ခြင်းနှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း ထုတ်ပြန်တောင်းဆိုမှုရှိခဲ့သည်။

NUG ၏ ထုတ်ပြန်တောင်းဆိုချက်တွင်လည်း ၎င်းတို့အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၍ အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဥ်များကို ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ထုတ်ပြန်ချက်က ရေးသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ Western News သတင်းဌာနမှ ရက္ခိုင့်တပ်တော် AA အားဆက်သွယ်မေးမြန်းရာတွင် ULA ဗဟိုကော်မတီတွင်ဆွေးနွေးရန်ရှိပြီး လက်ရှိတစ်စုံတစ်ရာဆုံးဖြတ်ထားခြင်းမရှိသေးဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ကျနော်တို့ဆီ စာရောက်တာကတော့မှန်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ အစည်းအဝေးထိုင်ပြီး စနစ်တကျဆုံးဖြတ်ရမယ့်ကိစ္စပါ။ ပြီးမှဘာလုပ်ရမယ်ဆိုတာပြောနိုင်မယ်။ လောလောဆယ်တော့ မဆုံးဖြတ်ရသေးဘူး။ ULA ရဲ့ဗဟိုကော်မတီမှာ ဆုံးဖြတ်ဖို့ရှိပါတယ်” ဟုပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ULA/AAအား အခုကဲ့သို့  တရာဝင်းကမ်းလှမ်းချက်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်  နိုင်ငံရေးအဖွဲ့အစည်းပဲဖြစ်ဖြစ်  နိုင်ငံရေးအားဖြင့် ဆွေးနွေးမှုတံခါးကို ဖွင့်ထားမည်ဆိုပါက အကောင်းဆုံးဟု ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“ULA/ AAကလည်း ဘယ်အဖွဲ့အစည်းနဲ့မှ မဆွေးနွေးဘူးလို့ အပြတ်အသားကြေညာထားတာမရှိပါဘူး။ လိုအပ်ရင်တော့ ဆွေးနွေးမယ်လို့ ထင်တယ်။ အဲ့ဒါကတော့ ULA ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါလိမ့်မယ်။  စစ်ကောင်စီဖက်ကတော့ NUG ကို အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာထားတယ်။ အဲ့ဒါကြောင့် ဆက်ဆံရေးအပိုင်းမှာ ဆွေးနွေးခြင်းအားဖြင့်  တစ်ဖက် အခက်အခဲတွေ့နိုင်မလား။  စစ်ကောင်စီဖက်က တန်ပြန်မှုတွေကြောင့် ကိုယ့်မှာ အနည်းငယ်အခက်အခဲတွေ့မလားဆိုတာကို စဉ်းစားသင့်ပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် ဒါက အလွတ်သဘော တွေ့ဆုံမှုသာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေ ရှိမယ်မထင်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအားဖြင့် ဒီဆွေးနွေးပွဲကို ပိတ်ထားလို့တော့ မသင့်ပါဘူး။  ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်  နိုင်ငံရေးအဖွဲ့အစည်းပဲဖြစ်ဖြစ်  နိုင်ငံရေးအားဖြင့် ဆွေးနွေးမှုတံခါးကို ဖွင့်ထားရင်တော့ အကောင်းဆုံးပဲလို့ပြောချင်ပါတယ်”ဟုပြောသည်။

NUG အစိုးရအဖွဲ့က မဟာမိတ်ဆက်ဆံရေးကော်မတီကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

https://www.facebook.com/westernnewsagency/posts/491216799351496

Leave a Reply

Your email address will not be published.