By Narinjara / 2022 March 15
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့သည် မြန်မာစစ်တပ်စစ်ကြောင်းတစ်ခု၏ ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
အင်အား ၇ဝ ခန့်ရှိသည့် မြန်မာစစ်ကြောင်းတစ်ခုသည် ယမန်နေ့ မေလ ၁၄ ရက်နေ့ နံနက်က လေးတောင်မြို့ရှိ ရပ်ကွက် (၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၅)တို့မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအား AA နှင့်ဆက်သွယ်သည်ဟုဆိုကာ လေးတောင်မြို့ ရပ်ကွက်(၄)ရှိ သရက်ချိုဘုန်းကြီးကျောင်းသို့ ခေါ်ယူမေးမြန်းခြင်းများပြုလုပ်ခဲ့သည်ဟု မေးမြန်းခံခဲ့ရသူများက ပြောသည်။
ရပ်ကွက် (၃)နှင့် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူးများကို အဆိုပါစစ်ကြောင်းက ဖုန်းဖြင့် စုံစမ်းမေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး ခေါ်ယူမေးမြန်းခံရမည်ကို စိုးရိမ်၍ ၄င်းတို့ ၂ ဦးသည် ယနေ့ မတ်လ ၁၅ ရက် နံနက်အထိ ရှောင်တိမ်းနေရသည်ဟုလည်း ဒေသခံရပ်မိရပ်ဖတစ်ဦးက နိရဥ္စရာအားပြောသည်။
“မတ်လ ၁၃ ရက် မနက်ကဝင်လာတဲ့စစ်တပ်က ခေါ်စစ်နေတာပါ။ ၅၄၃ တပ်လားမသိဘူး။ ၃ နဲ့ဆုံးတယ်။ သူတို့ကို AA နဲ့အဆက်သွယ်ရှိတယ်လို့ မသင်္ကာလို့ဆိုပြီး သိရတယ်။ သုံးလေးယောက်ခေါ်မေးတယ်။ စစ်တပ်ကတော့ အမြဲတမ်း အဲလိုဝင်နေကျပါ” ဟုပြောသည်။
လေးတောင်မြို့တွင် ရပ်ကွက် (၅)ခုရှိပြီး သရက်ချိုဘုန်းကြီးကျောင်းသို့ခေါ်ယူမေးမြန်းခံခဲ့ရသူများကို ယမန်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းမှာ ယနေ့နံနက်အထိ သရက်ချိုဘုန်းကြီးကျောင်းအတွင်း စခန်းချနေထိုင်လျက်ရှိနေသေးသည်ဟုလည်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ဆေးမှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား မေးမြန်းရန်ဆက်သွယ်ခဲ့ရာ ဖုန်းမကိုင်သဖြင့် တပ်မတော်ဘက်မှ သဘောထားအား တင်ပြနိုင်ခြင်းမရှိသေးပါ။
လွန်ခဲ့သည့်နှစ် မေလ ၂၇ ရက်နေ့ကလည်း လေးတောင်မြို့၊ ရပ်ကွက်(၄)မှ တက္ကသိုလ်ဝင်တန်းအောင်လူငယ်တစ်ဦးနှင့် စစ်တွေတက္ကသိုလ်ကျောင်းသား လူငယ် ၃ ဦးကို စစ်တပ်ဆန့်ကျင်ရေး စကားလုံးများကို အော်ဟစ်ခဲ့သည်ဟု ဆိုကာ သရက်ချိုဘုန်းကြီးကျောင်းတွင် ယာယီစခန်းချနေထိုင်ခဲ့သည့် စစ်ကြောင်းတစ်ခုက ဖမ်းဆီးထိန်းသိမ်းပြီး နောက်ပိုင်းတွင် ပြန်လွှတ် ပေးခဲ့သည် ဟုလည်း ဒေသခံများက ပြောသည်။
https://www.facebook.com/narinjara.info/posts/5297490473596320