By Western News/ 2022 March 28

ရခိုင်အမျိုးသားကောင်စီ ANC/AA မှာ ရခိုင်လူထုတစ်ရပ်လုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးရည်မှန်းချက်အပါအဝင် တစ်ခြားတော်လှန်ရေးရည်မှန်းချက်များဖြင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေသည့် အဖွဲ့စည်းတစ်ခုဖြစ်သည်။
လက်ရှိတွင် ANC/AA မှာ စစ်ကောင်စီအား တစ်ခြားမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းတော်လှန်မှုများပြုလုပ်နေပြီး ရည်မှန်းချက်တူ အဖိနှိပ်ခံ မည်သည့်အဖွဲ့စည်းများနှင့်မဆို ကမ်းလှမ်းချက်ရှိလာလျှင် ပူးပေါင်းရန်လည်းအဆင့်သင့်ရှိသည်ဟု ANC/AA စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းကပြောသည်။
ရခိုင်ပြည်ထဲတွင် လက်ရှိအခြေစိုက်နေရာယူထားသည့် ရက္ခိုင့်တပ်တော် AA ဖက်မှလည်း ဆွေးနွေးညှိနှိုင်းမှုများရှိလာလျှင် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ဟု ဗိုလ်မှူးကြီး မင်းထွန်းကပြောသည်။
“ရည်မှန်းချက်တူ အဖိနှိပ်ခံရတဲ့ မည်သည့်အင်အားစုနဲ့မဆို ကျနော်တို့ပူးပေါင်းဖို့ရှိပါတယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုရင် မဆက်စပ်ချင်လို့မရတဲ့ ညီနောင်တွေပါ။ AA နဲ့တော့ အရင်တုန်းက အလွတ်သဘောဆွေးနွေးခဲ့တာတွေရှိတယ်။ တစ်နေ့တစ်ချိန်မှာ ပူးပေါင်းလုပ်ဖို့ဖလှယ်ကြတာ။ ဒါပေမယ့်အချက်အလက်ခိုင်ခိုင်မာမာနဲ့ ဆွေးနွေးခဲ့တာမျိုးမဟုတ်ဘူး။ မဟာမိတ်ခေါင်းဆောင်းတွေက ပူးပေါင်းဖို့တိုက်တွန်းတာတွေရှိခဲ့ပေမယ့်။ ULA ဖက်ကသဘောထားတင်ပြတာတွေမရှိခဲ့ဘူး။ တကယ်လို့ဆွေးနွေးညှိနှိုင်းလာရင်တော့ ပူးပေါင်းဖို့အဆင့်သင့်ပါပဲ” ဟုပြောသည်။
ULA ၏ သဘောထားမှာ ညှိနှိုင်းပေါင်းစည်းမည်ဟူသည့် သဘောထားမရှိဘဲ ပေါင်းစည်းမည်ဆိုလျှင် တစ်ဖက်အဖွဲ့အစည်းအား ဖျက်ပစ်ရမည်ဟူသည့် သဘောထားမျိုးကို အလွတ်သဘောကြားသိရပြီး ထိုနည်းလမ်းမှာ သဟဇာတကျမှုကိုရနိုင်မည်မဟုတ်ဟု ဗိုလ်မှူးကြီးမှ ဆက်ပြောသည်။
“ညှိနှိုင်းမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့လုပ်ငန်းစဥ် ၃ ရပ်တင်ပြတယ် သဘောထားညှိနှိုင်းမယ်။ နိုင်ငံရေးအရပူးပေါင်းမယ်။ စစ်ရေးအရပူးပေါင်းမယ်ပေါ့။ ဒါပေမယ့် ULA ဖက်က သဘောထားကို ကျနော်တို့ကြားတာကတော့ ညှိနှိုင်းပေါင်းစည်းမယ် ဆိုတဲ့သဘောမရှိဘူး။ သူတို့နဲ့ပေါင်းချင်ရင် တစ်ဖက်အဖွဲ့အစည်းကို ဖျက်ရမယ် ဆိုတာမျိုး အလွတ်သဘောအနေနဲ့ ကျနော်တို့သိရတယ်။ ဒါမျိုးက နိုင်ငံရေးအဖွဲ့စည်းချင်းပေါင်းတဲ့ လုပ်နည်းလုပ်ဟန်မျိုးမဟုတ်သလို ရေရှည်မှာ တည့်တံ့ခိုင်မြဲပြီး သဟဇာတကျမှုကိုလည်း ရနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ဘက်ကမြင်တယ်”
လက်ရှိတွင် ရက္ခိုင်တပ်တော် AA နှင့် ရခိုင်အမျိုးသားကောင်စီ ANC/AA တို့မှာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ခြင်းတစ်စုံတစ်ရာမရှိဟုသိရသည်။
ရခိုင်ပြည်တပ်မတော် ANC/AA ကို ၂၀၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ၌စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရားဝင်အမည်ထုတ်ဖော်ကာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအဖြစ်ရပ်တည်ခဲ့ပြီး လက်ရှိတွင်လည်း NCA ထိုးထားခြင်းမရှိပေ။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA၊ ရခိုင်ပြည်တပ်မတော် AAနှင့် ရက္ခိုင့်တပ်တော် AA နှင့်တို့ရှိပြီး ထိုအထဲမှ ALA မှာ လက်ရှိ NCA ရေးထိုးထားသောအဖွဲ့အစည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/491799512626558