By Western News/ 2022 March 14

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ လူငယ်တစ်ဦး၏ အမှုမှာ အမိန့်မချမှတ်နိုင်သေးဘဲ ကြန့်ကြာမှုရှိနေသည်ဟု မိသားစုဝင်များကပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်မှာ ဇင်ချောင်းကျေးရွာဒေသခံ အသက် ၂၇ နှစ်အရွယ် ကိုဝင်းနိုင်(ခ)ယုန်ချေ ဖြစ်ပြီး ၎င်းအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းတွင် ရဲနှင့် စစ်သားများက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ထို့နောက် အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ဖောက်ခွဲရေးသုံးပစ္စည်းတွေ့ရှိသည်ဟုဆိုကာ ၎င်းအားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမှုအား အမိန့်ချမှတ်ရန်သာကျန်ရှိတော့သော်လည်းအမိန့်မချမှတ်နိုင်သေးဘဲရှိနေသည်ဟု တရားစွဲဆိုခံထားရသည့်ကို ဝင်းနိုင်၏ အကိုဖြစ်သူ ကိုဆန်းဝင်းက ပြောသည်။
“သူကရွာမှာ ဖုန်းပြုပြင်တဲ့ဆိုင်လေးဖွင့်ပြီး မိဖကိုတစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့နေတာပါ။ အဲ့ဒီနေ့မနက်ပိုင်းက ဇင်ချောင်းက စခန်းမှူးနဲ့ စစ်သားတွေလာပြီးဖမ်းခေါ်သွားတာ။ အဲ့မှာ ဖောက်ခွဲရေးပစ္စည်းတွေ့တယ်လို့ပြောတယ်။ ရုံချိန်းက တစ်လကို ၄ ကြိမ်လောက်သွားရတယ်။ အခုအမှုက အမိန့်ချမယ့်ရက် ရုံးချိန်တာ ဒီတစ်ခါဆို ၃ ကြိမ်မြောက်ရှိပါပြီ။ အပြစ်မရှိရင်လည်း အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်” ဟုပြောသည်။
ဖမ်းဆီးခံ ကိုဝင်းနိုင်မှာ အကြမ်းဖက်ပုဒ်မ ၅၀(ဈ)၊ ၅၂(က) ဖြင့်တရားသွဲဆိုခံထားရခြင်းဖြစ်ပြီး အမှုအမိန့်ချရန်သာကျန်ရှိသည့်အတွက် အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချပြုရန်မရှိတော့ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးကျော်သူရကပြောသည်။
“အကြမ်းဖက်နဲ့ အမှုနဲ့တရားစွဲခံထားရတဲ့ ဝင်းနိုင်အမှုမှာ အပြီးသတ်အမိန့်ချဖို့ပဲ ကျန်တော့တယ်။ ကျနော်ဆို့ရှေ့နေပိုင်းတွေက တင်ပြပြောပြစရာတွေကလုပ်ပြီးသွားပြီလေ။ တရားရုံးကအမိန့်ချဖို့ပဲကျန်တာဆိုတော့ အမှုနဲ့ပတ်သက်ပြီး ပြောလို့တော့မရတော့ဘူး” ဟုပြောသည်။
ကိုဝင်းနိုင်မှာ လက်ရှိကျောက်ဖြူအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရကာ ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက်ပုဒ်မအား အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် AA နှင့်မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပွားစဉ်က AA နှင့်ဆက်စပ်မှုဖြင့် အမြောက်အမြားဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံရကာ AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးသိတိုင် ၎င်းပုဒ်မဖြင့် လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရသူ အမြောက်အမြားကျန်ရှိနေသေးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အကြမ်းဖက်ပုဒ်မနှင့် တရားစွဲဆိုထားသူအချို့ကို စစ်ကောင်စီမှ လွှတ်ပေးမှုရှိခဲ့သည့်အလျောက် တစ်ခြားကျန်ရှိနေသူများကိုလည်း ပြန်လွှတ်ပေးစေလိုကြောင်း အမှုရင်ဆိုင်နေရသူများ၏ မိသားစုဝင်များကပြောသည်။
https://www.facebook.com/westernnewsagency/posts/482977626842080