အမ်းမြို့နယ်ရှိ အထက(ခွဲ) ကျောင်းဆောင်မှာ သတ်မှတ်အရည်အသွေးမပြည့်မီ၍ ကျေးရွာသားများလက်မခံနိုင်ဟုဆို

By Western News/ 2022 March 09

ရခိုင်ပြည်နယ် အမ်းမြို့ ညောင်းချောင်းကျေးရွာတွင် ပြည်နယ် ဘက်ဂျက်ဖြင့်ဆောက်လုပ်သည့် အထက(ခွဲ) ကျောင်းဆောင်မှာ သတ်မှတ်အရည်အသွေးအတိုင်းပြည့်မီခြင်းမရှိ၍ ကျေးရွာသားများအနေဖြင့် အဆိုပါကျောင်းဆောင်အားလက်မခံနိုင်ကြောင်း ကျေးရွာတာဝန်ရှိသူများကပြောသည်။

အဆိုပါ စာသင်ကျောင်းဆောင်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အမ်းရတနာကျော်ကုမ္ပဏီမှ ဆောက်လုပ်ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီအတွင်းတွင် အပ်နှံထားခဲ့သည်။

ယင်းကျောင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများမှလာရောက်စစ်ဆေးသော်လည်း အရည်အသွေးမမီခြင်းနှင့် ပတ်သက်၍တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိဘဲ အဆောက်အဦးအားလက်ခံထားကြသည်ဟု ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ညောင်ချောင်းဒေသခံ ဦးမောင်သန်းဝင်းက ပြောသည်။

“ဒီကျောင်းက ကျနော်တို့ဖက်က တာဝန်ရှိသူတွေကို တင်ပြတောင်းဆိုပြီး ပြည်နယ် ဘားဂျက်နဲ့ ဆောက်ထားတဲ့ကျောင်းပါ။ ဘက်ဂျက်ကတော့ သိန်း ၁၂၅၀ ကျော်ကျထားတာပါ။ ကျောင်းကပြီးသွားတော့ သတ်မှတ်ချက်တွေအတိုင်းအပြည့်စုံဘူး။ ဒီတော့ ကျနော်တို့ရွာသားတွေက အဲ့ဒီကျောင်းကိုလက်မခံနိုင်ဘူးလို့ပြောကြတယ်။ တာဝန်ရှိသူတွေ လာကြည့်တော့လည်း ဘာမှမပြောကြဘူး။ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်းကိုပြောတော့ တာဝန်ရှိလူကြီးတွေလက်ခံရင်ရပြီလို့ပဲပြောပါတယ်” ဟုပြောသည်။

ကျောင်းဆောင်တွင်အသုံးပြုထားသည့်ပစ္စည်းများမှာ အရည်အသွေးညံ့ဖျင်းပြီး စုံလင်မှုလည်းမရှိ၍ လက်မခံနိုင်ကြခြင်းဖြစ်သည်ဟု ညောင်ချောင်းကျေးရွာတာဝန်ခံ ဦးသန်းဝင်းက ပြောသည်။

“ကျောင်းမှာအသုံးပြုထားတဲ့ပစ္စည်းတွေက ချမှတ်ထားတဲ့အရည်အသွေးအတိုင်းမဟုတ်ဘူး။ ခေါင်မိုးအတွက်သုံးထားတဲ့ သံဖြူဆိုလည်း အညံ့ဆုံးသံဖြူ အမျိုးအစားကိုသုံးထားတယ်။ နောက်ပြီး မျက်နှာကြက်က ကျောက်ပြားတပ်ရမယ်ဆိုပြီးပါတယ်။ ဒါပေမယ့်ကျောက်ပြားမတပ်ထားဘူး။ ရေမြောင်းမှာ အဖုံးပါပေမယ့် အဖုံးတပ်မထားဘူး။ နောက်ပြီး မီးချောင်းတွေ ၄ ပေ မီးချောင်း ၂၄ ချောင်းပါတာ ၈ ချောင်းပဲတတ်ထားတယ်။ ပြီးတော့ ကြမ်းပြင်တွေကလည်း မြေညံ့ညံ့မှာပဲတင်လုက်ထားတဲ့အတွက် အခုဆိုကွဲအက်နေပါပြီ။ အဲ့ဒါတွေကြောင့် ကျေးရွာသားတွေ လက်မခံကြတာပါ” ဟုပြောသည်။

သိန်းပေါင်း ၁၂၀၀ ကျော် ကုန်ကျခံဆောက်လုပ်ထားသည့် စာသင်ကျောင်းဆောင်၏ အဓိကအရည်အသွေးလိုအပ်ချက်များမှာ ခေါင်မိုးတွင် အသုံးပြုသည့်သံဖြူမှာ မြန်မာနိုင်တွင်အရည်အသွေးအညံ့ဆုံးသံဖြူဖြစ်နေခြင်း၊ ကျောက်ပြားကပ်ရမည့် မျက်နှာကြက်တွင် ပလစ်စတစ်ပြားများကပ်ထားခြင်း၊ အောက်ခြေကြမ်းခြင်းမှာ အမြင့်အနေဖြင့် ၆ ပေရှိရမည်ဖြစ်သော်လည်း ၃ ပေခန့်သာရှိခြင်း၊ ကျော င်းပတ်လည်ရေမြောင်းများတွင်တပ်ဆင်ရမည့် ၁၆ ပေခန့်ရှိ အဖုံး ၂ ခုမပါရှိခြင်းနှင့် မီးချောင်းများအစုံအလင်တပ်ဆင်ထားမှုမရှိခြင်းတို့ဖြစ်ပြီး ၎င်းအရာများကိုသာပြန်လည်ပြုပြင်ပေးရန်တောင်းဆိုနေခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။

လက်ရှိဆောက်လုပ်ထားသည့် ညောင်ချောင်း အထက(ခွဲ) ကျောင်းမှာ အလျား ၁၂၀ ပေ အနံ ပေ ၃၀ ရှိသော တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အဆိုပါကျောင်း အရည်အသွေးပြည့်မီမှုအပိုင်းအား တာဝန်ရှိသူများ လာရောက်စစ်ဆေးသည်မှာ ၂ ကြိမ်ရှိပြီဟု သိရသည်။

အဆိုပါ အထက(ခွဲ) ကျောင်းဆောင်အား ဆောက်လုပ်ခဲ့သည့် အမ်းရတနာကျော်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒါရိုက်တာ ဦးတင်နိုင်အား ကျောင်းဆောင်ဆောက်လုပ်မှုအခြေနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ခရိုင်ပညာရေးမှူးမှအစ တာဝန်ရှိသူများလက်ခံထားပြီးဖြစ်သည်ဟုဆိုကာ ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူခရိုင်ပညာရေးမှူး ဒေါ်ညွှန့်ညွှန့်အေးအား ဆက်သွယ်မေးမြန်းကြည့်ရာ အဆိုပါကျောင်းနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးအားမေးမြန်းရန်ပြောသည်။

သို့ကြောင့် မြို့နယ်ပညာရေးမှူးအားမေးမြန်းရန်ဆက်သွယ်ရာ လမ်းခရီးတွင်ရောက်နေ၍ ဖြေဆိုရန်အဆင်မပြေကြောင်း ပြောသည်။

ညောင်ချောင်းကျေးရွာမှ စာသင်ကျောင်းတွင် KG 1 မှ ၁၀ တန်းအထိပညာသင်ယူနိုင်ပြီး ပညာသင်ယူနေသည့် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၂၀၀ ကျော်ခန့်ရှိကာ လက်ရှိတွင် အဆိုပါကျောင်းသားများမှာ ရွာမှကိုယ်ထူကိုယ်ထဆောက်ထားသည့် စာသင်ကျောင်းတွင်သာ ကျောင်းတက်ရောက်နေကြရဆဲဖြစ်သည်ဟု သိရသည်။

https://www.facebook.com/westernnewsagency/posts/479954913811018

Leave a Reply

Your email address will not be published.