အမ်းမြို့နယ်မှာ ညမထွက်ရအမိန့် သက်တမ်း ၂ လ ထပ်မံတိုးမြှင့်

By  Voice Of Westland (VOW)/ 2022 March  02

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်မှာ ညမထွက်ရအမိန့် ၁၄၄ ကို ဧပြီလအထိ  ၂ လ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ မတ်လ ၂ ရက်နေ့စွဲပါ အမိန့်ထုတ်ပြန်ချက်(၂/၂၀၂၂)မှာ ညမထွက်ရ အမိန့်ကို သက်တမ်း ၂ လထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။

“ညမထွက်ရအမိန့် သက်တမ်း ၂ လ တိုးပြီးထုတ်လိုက်တယ်”လို့ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က VOW သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့အတွက် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသော တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နိုင်ငံပိုင် အဆောက်အဦနဲ့ ယာဉ်တွေပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ကနဦးဖော်ပြထားပါတယ်။

အဲဒီဖြစ်စဥ်တွေမှာ ရပ်ကွက်/ကျေးရွာတွေအတွင်းမှာ၊ သာမန်အရပ်သားပြည်သူတွေကြားမှာတိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရတာ ရှိခဲ့ပြီးတော့ ညအချိန်လွတ်လပ်စွာ သွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားနိုင်တဲ့အတွက် ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထပ်မံသက်တမ်းတိုးမြှင့်လိုက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

လက်ရှိမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာမရှိဘဲ ညမထွက်ရအမိန့်ကို ထပ်မံသက်တမ်းတိုးမြှင့်လိုက်တဲ့အတွက်ပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့စားဝတ်နေရေးကို ကျပ်တည်းစေတယ်လို့ အမ်းမြို့ဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

“တောသူတောင်သားတွေ၊လယ်ယာစိုက်တဲ့လူတွေမှာ မနက်စောစော ၅ နာရီလောက်ကပဲ လုပ်ငန်းခွင်ထဲ ဝသွားရတာတွေရှိတယ်။ဒီအမိန့်နဲ့ဆိုတော့ အခက်အခဲဖြစ်သွားတာပေါ့ အခု တိုက်ပွဲလည်းဖြစ်ပွားတာမရှိဘဲနဲ့ထပ်ပြီးထုတ်ပြန်တာတော့မဖြစ်သင့်ဘူးလို့ထင်တယ်” လို့ ပြောဆိုလိုက်ပါတယ်။

အမ်းမြို့နယ်မှာ ညမထွက်ရအမိန့်ကို AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ လောက်ပဲ ထုတ်ပြန်လာတာဖြစ်ပြီး ထပ်မံသက်တမ်းတိုးမြှင့်လာတာ လက်ရှိအချိန်ထိဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/151515020601217

Leave a Reply

Your email address will not be published.