အမ်းနှင့်တောင်ကုတ်ကို ခရိုင်အဖြစ်သတ်မှတ်

By Development Media Group (DMG)/ 2022 March 08

ရခိုင်ပြည်နယ်အတွင်းက အမ်းနှင့် တောင်ကုတ်မြို့တို့ကို ခရိုင်အဖြစ်သတ်မှတ်လိုက်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှသိန်းက ယနေ့(မတ်လ ၈ ရက်နေ့)တွင် သတင်းထောက်များကို ပြောဆိုလိုက်သည်။

အမ်းခရိုင်တွင် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့ပါဝင်ပြီး တောင်ကုတ်ခရိုင်တွင် တောင်ကုတ်မြို့နှင့် မာန်အောင်မြို့တို့ ပါသည်ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်က စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်၊ မောင်တောခရိုင်ဟူ၍ ခရိုင်ငါးခုရှိပြီး လက်ရှိတွင် ခရိုင်နှစ်ခုထပ်မံတိုးချဲ့လိုက်သောကြောင့် ပြည်နယ်တွင်းတွင် ခရိုင်စုစုပေါင်း(၇)ခုရှိလာပြီဖြစ်သည်။

“အမ်းနဲ့ တောင်ကုတ်ကိုခရိုင်ဖွဲ့ဖို့အတွက် ဟိုတုန်းကတည်းက စီမံတာတွေရှိတယ်လို့ကြားရတယ်။ အခုဒီရက်ပိုင်းမှာတော့တရားဝင်ဖွဲ့စည်းသွားဖို့ဆိုတာကို အတည်ပြုတယ်။ ဖွဲ့စည်းသွားဖို့ဆိုတဲ့အခါ ဖွဲ့စည်းအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကနေ ဒါတွေကိုအခြေပြုပြီးတော့မှ တင်ပြပေးရမယ်။ ခွင့်ပြုတယ်ဆိုတဲ့အခါကျမှ ခရိုင်အဆင့်ဌာနဆိုင်ရာတွေကိုဖွဲ့စည်းရမယ်။ လောလောဆယ်တော့ ဖွဲ့စည်းခွင့်ကျတယ်”ဟု ဦးဦးလှသိန်းက ပြောသည်။

အမ်းမြို့အား ခရိုင်အဖြစ်သတ်မှတ်လိုက်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာမည်ဖြစ်သဖြင့် ကြိုဆိုသည်ဟု အမ်းမြို့သေခံ ကိုဇော်မင်းက ပြောသည်။

အမ်းဒေသခံ ကိုမျိုးလွင်ကမူ “ခရိုင်ဖြစ်တယ်ဆိုတော့ သမရိုးကျဖြစ်တယ်ဆိုတော့ ကောင်းတယ်လို့ပြောလို့ရတယ်။ တစ်ကယ်တမ်း နိုင်ငံရေးအရအမြတ်ထုတ်ဖို့အတွက် ခရိုင်တိုးလိုက်တယ်ဆိုရင် ရလဒ်မကောင်းဘူးလို့ပြောရမယ်။ PR စနစ် စမ်းသုံးဖို့ဆိုပြီးကြိုးစားနေတဲ့အချိန်မှာ အမ်းကလည်း တပ်ရင်းမြို့ဖြစ်တဲ့အခါမှာသူတို့လွှမ်းမိုးနိုင်တဲ့နေရာတွေကို ခရိုင်အဖြစ်သတ်မှတ်တာကတော့ သူတို့အတွက်နိုင်ငံရေးအမြတ်ထုတ်တာတော့ ရလာဒ်မကောင်းဘူးလို့ပြောလို့ရတယ်”ဟု ဆိုသည်။

စစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ်တွင် အချိုးကျကိုယ်စားပြု(PR)စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟုကြေငြာထားပြီးနောက်တွင် ရခိုင်ပြည်အပါအဝင် တခြားပြည်နယ်နှင့် တိုင်းအချို့တွင် ခရိုင်အသစ်များဖွဲ့စည်းနေခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2241980732620992

Leave a Reply

Your email address will not be published.