အပစ်ရပ် ၁၀ လ သက်တမ်းတိုးကြောင်း စစ်ကောင်စီ ကြေညာ

By Western News/ 2022 March 02

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ၂ဝ၂၂ ခုနှစ် မတ်လ ၁ ရက်ကစ၍ ဒီဇင်ဘာလကုန်အထိ အပစ်ခတ်ရပ်တိုးမြှင့်လိုက်ကြောင်းစစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများ အား နှောက်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၁၀ လ တိုးမြင့်လိုက် ထုတ်ပြန်ချက်ကရေးသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်လည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မဆာတွီရွာနှင့် မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းရွာအကြားတွင် စစ်ကောင်စီတပ်နှင့် CDF တပ်ဖွဲ့တို့ တစ်နေ့လုံးတိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြသည်ဟု ဒေသခံများကပြောဆိုကြသည်။

စစ်အာဏာရှင်ကျရှုံးရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုသပိတ်တိုက်ပွဲများလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနှံ့အပြား ဆန္ဒပြနေကသလို တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် PDF တို့ နေ့တိုင်လိုလိုတိုက်ပွဲဖြစ်ပွါးနေကြသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၅၈၅ ယောက်နှင့် ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၄၁၇ ယောက်ထိရှိလာသည်။

နိုင်ငံရေးဆွေးနွေးမှု၊ သဘောတူညီမှု မပါဘဲ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာလျှင် မရကြောင်း ရခိုင်နိုင်ငံရေး ဝါရင့်သမားတစ်ဦးဖြစ်သည့် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖေသန်းကပြောသည်။

“တိုက်ပွဲဖြစ်၊မဖြစ်ဆိုတာက နှစ်ဦးနှစ်ဖက် သဘောတူညီမှုရှိမှ ရပ်စဲဟာကပိုလို့အကျိုးရှိတယ်။ တစ်ဖက်ကကြေညာချက်ထုတ်တယ်ဆိုတာကို နောက်တစ်ဖက်က လက်ခံချင်မှလက်ခံမယ်ပေါ့။ အခုကမြေပြင်မှာလည်း နေ့စဉ်တိုက်ပွဲဖြစ်နေကြတယ်။ တိုင်းရင်းသားဒေသတွေမှာလည်းဖြစ်တယ်။ တစ်နိုင်ငံလုံးမှာလည်း PDFနဲ့ဖြစ်တယ်။ PDFတွေကို နိုင်ငံရေးဆွေးနွေးမှု မပါဘဲနဲ့ တစ်ဖက်က အပစ်ခတ်ရပ်စဲလေ့ ကြေညာချက် ထုတ်ရုံလောက်နဲ့ မဖြစ်နိုင်ဘူး။ တိုက်ပွဲမဖြစ်စေချင်ဘူးဆိုရင်တော့ ကိုယ့်ဖက်ကကြေညာချက်ထုတ်တဲ့အတိုင်း သွားပြီးမတိုက်နဲ့ပေါ့။ အခုကစစ်မတိုက်ဘူးလို့လည်းပြောတယ် သွားပြီးတော့တိုက်တယ်။ ဒါကသဘာဝမကျဘူး။ တိုက်ပွဲမဖြစ်အောင် လက်တွေ့ကျကျလုပ်မယ်ဆိုရင်တော့ ဆွေးနွေးပြီးတော့ သဘောတူညီချက်လုပ်။ စစ်ဆင်ရေးမလုပ်နဲ့”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိခဲ့သည့် အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူ ထုတ်ပြန်ချက်တွင် ၂၀၂၂ နှစ်ကုန်ပိုင်းအထိ အပစ်ခတ်ရပ်စဲရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

https://www.facebook.com/westernnewsagency/posts/474758544330655

Leave a Reply

Your email address will not be published.