By Western News/ 2022 March 15
ရခိုင်ပြည်နယ် မြို့နယ်တစ်ချိုရှိ စစ်ဘေးရှောင်စခန်းတစ်ချို့တွင် အစိုးရဆီမှ ဆန်ရိက္ခာမရောက်ဘဲ ပြတ်တောက်နေသည်မှာ ၂ လနီးပါးခန့်ကြာမြင့်နေပြီဖြစ်သည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ စစ်ဘေးရှောင်စခန်းများကို ဆန်ရိက္ခာ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ၂လ နီးပါးခန့် ဆန်ရိက္ခာမရောက်ရှိမှုကြောင့် စားဝတ်နေရေး အခက်ခဲဖြစ်နေကြသည်ဟု စခန်းတာဝန်ခံများကပြောသည်။
ယင်းအပြင် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ဇန်နဝါရီ ၂၂ ရက်နေ့က နောက်ဆုံး လူကယ်ပြန်က ဆန်ရိက္ခာ ပို့ပေးခဲ့ပြီး ဆန်ရိက္ခာမရောက်သောကြောင်း မြို့နယ်ဦးစီးထံဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိဟု ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက Western News ကိုပြောသည်။
“ကျွန်တော်တို့ စခန်းမှာ ဆန်ရိက္ခာမရောက်ဖြစ်တာ ၂ လနီးပါးခန့် ကြာမြင့်နေပြီးဖြစ်တယ်။ နောက်ဆုံး ရောက်ခဲ့တာက ဇန်နဝါရီ ၂၂ ရက်နေ့က နောက်ဆုံးပို့ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ဦးစီးကို ဖုန်းဆက်ရင်လည်း ဦးစီးကဖုန်းလည်းမကိုင်တော့ဘူး။ ကျွန်တော်တို့မှာ ဆန်ရိက္ခာတော်တော်လည်း အခက်အခဲတွေရှိကြတယ်။ အခုက စခန်းအတွင်းမှာ တစ်ဦးဆီကတစ်ဦးချေးဌားပြီးစားသောက်နေကြရတယ်”ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယခင်အစိုးရလက်ထက်တွင်ဆောက်လုပ်ခဲ့သည့် စက်မှုဇုံ စစ်ဘေးရှောင်စခန်းတွင်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က နောက်ဆုံးလာရောက်ပေးခဲ့ခြင်းရှိပြီး ဖေဖော်ဝါရီလအတွက် လာရောက်ပေးပို့ခြင်းမရှိသေးသောကြောင်း စားဝတ်နေရေးအခက်ခဲ့ဖြစ်နေသည်ဟု စခန်းတာဝန်ခံ ဦးဝင်းမောင်က Western News ကိုပြောသည်။
“ကျွန်တော်တို့စခန်းကို ဆန်ရိက္ခာမရောက်တာ တစ်လ ကျော်နေပြီ။ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဇန်နဝါရီလအတွက်ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလအတွက် ဒီနေ့အထိမရောက်သေးဘူး။ ကျွန်တော်တို့မှာ စားဝတ်နေရေးတော်တော်လည်းကို အခက်ခဲတွေဖြစ်နေတယ်”ဟုပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စစ်ဘေးရှောင် တစ်ဦးလျှင် တစ်နေ့ကို ဆန် ၂ ဗူးခန့်ပေးပြီး ကမ္ဘာစားနပ်ရိက္ခာအစီစဉ်(WFP)က လူတစ်ဦးကို တစ်လလျှင် ငွေ ၁၇၀၀၀ ကျပ်အပြင် ဆပ်ပြာအပါဝင် လူသုံးကုန်တစ်ချို့ထောက်ပံ့ပေးကြသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်တစ်ချို့နှင့် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းမှအပ ကျန်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများကို ဖျက်သိမ်းရန်စီစဉ်နေသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက မတ်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
နေရပ်သို့ပြန်မည် စစ်ဘေးရှောင်များကို ထောက်ပံငွေကျပ် ၅သိန်းကျပ်ပေးသွားမည်ဖြစ်ပြီး မပြန်သည့် စစ်ဘေးရှောင်များအား လူဦးရေနည်းသည့် စခန်းများတွင်ပေါင်းထည့်ကာ စစ်ဘေးရှောင်စခန်းတစ်ချို့အား ဖျက်သိမ်းသွာမည်ဟု ထည်သွင်းပြောကြားခဲ့သည်။
နေရပ်သို့ ပြန်လျှင်စားဝတ်နေရေး အခက်ခဲရှိသလို မိုင်းအန္တရာယ်များပါ ရှိနေသောကြောင့် နေရပ်ပြန်ရန်ခက်ခဲမှုတွေရှိနေသည်ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။
“ကျွန်တော်တို့မှာ နေရပ်ပြန်ဖို့က နေစရာအိမ်တွေရော၊ လုပ်စားဖို့ရော ဘာတစ်ခုမှမရှိတော့ဘူး။ ကျွန်တော်တို့က တောင်ယာတွေအဓိက လုပ်ကိုင်စားသောက်နေကြရသူတွေဆိုတော့ ကျွန်တော်တို့အတွက် မိုင်းအန္တရာယ်က တော်တော်လည်းကို ကြီးမားမှုရှိတယ်။ မိုင်းမရှင်းပေးဘူးဆိုရင် နေရပ်ပြန်ဖို့အဆင်မပြေဘူး”ဟုပြောသည်။
လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကစ၍ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်၂၀၀၀၀၀ သိန်းကျော်ရှိလာခဲ့ရာကနေ လက်ရှိတွင် စစ်ရှောင်စခန်း ၁၇၀ ခန့်ရှိပြီး စစ်ဘေးရှောင် ၇၀၀၀၀ သောင်းကျော်ခန့် ကျန်ရှိနေသည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ၏ စာရင်းများအရသိရသည်။
https://www.facebook.com/westernnewsagency/posts/483586023447907