ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးကို မတရားအသင်းဆက်သွယ်မှုဖြင့် ထပ်တိုးတရားစွဲဆို

By Development Media Group (DMG)/ 2022 March 09

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနှင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်ကို နောက်ထပ်ပုဒ်မတစ်ခုဖြင့် ထပ်တိုးတရားစွဲဆိုခံရသည်ဟု မိသားစုထံမှသိရသည်။

မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း တရားရုံး၌ရုံးချိန်တွင် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်ဖြစ်သူ မကြည်ကြည်ဦးက ပြောဆိုသည်။

“ပုဒ်မ၁၇(၁)နဲ့ထပ်စွဲပါတယ်။ မနေ့က (၈)ရက်နေ့ရုံးထုတ်မှာ သိရတာပါ။ ဘယ်သူက တရားလိုလုပ်ပြီးစွဲတာလည်း ဆိုတာကို ကျမတို့အနေနဲ့လည်း အတိအကျမသိရသေးပါဘူး။ ၁၅ ရက်နေ့ကို ထပ်ပြီးတော့ရုံးချိန်းချိန်းထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ စိတ်မကောင်းတာကလွဲလို့ အများကြီးမပြောချင်တော့ပါဘူး”ဟု ၄င်းဆိုသည်။

မမိုးဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် (NLD) ဗဟိုလူငယ်တာဝန်ခံတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့က မမိုးဆန်းစုကြည်၊ ရခိုင်ပြည်နယ် NLD ပါတီ၏ ဒုဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် ပါတီဝင်လေးဦးတို့ ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်မှ တရားရင်ဆိုင်နေရသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)နှင့်ပတ်သက်ပြီး ရုံးချိန်း ၁၀ ကြိမ်ထက်မနည်းရှိနေပြီဖြစ်ကြောင်းနှင့် မည်သည့်အခြေအနေထိ ရောက်ရှိနေကြောင်းကိုလည်း မိသားစုဝင်အနေဖြင့်အတိအကျမသိရဟု မကြည်ကြည်ဦးက ဆက်လက်ပြောဆိုသည်။

“ပထမစွဲဆိုခံထားရတဲ့ပုဒ်မအခြေအနေလည်း ဘယ်အခြေနေထိ ရောက်နေတယ်ဆိုတာကို ကျမတို့မသိဘူး။ ရုံးချိန်းပဲချိန်းဆိုနေပါတယ်”ဟု ၄င်းကဆိုသည်။

ထပ်တိုးစွဲဆိုခံရသော ပုဒ်မ-၁၇(၁)သည် (၂)နှစ်ထက်မနည်းသော ထောင်ဒဏ် (၃)နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မမိုးဆန်းစုကြည်၏ ဖခင်ဦးညီပုမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် ထောင်ဒဏ် ၉ နှစ်၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မတစ်ခုဖြင့်လည်း ဆက်လက်တရားရင်ဆိုင်နေရသည်။

https://www.facebook.com/dmgnewsagency/posts/2242678092551256

Leave a Reply

Your email address will not be published.