လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြောက်ဦးတွင် သောက်သုံးရေပေးဝေမှု အခက်ကြုံနေရဟု မြို့နယ်စည်ပင်ထုတ်ပြန်

By Narinjara / 2022 March  12

ပိုးဝါ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေမှုများကြောင့် သောက်သုံးရေပေးဝေမှုတွင် အခက်ကြုံနေရသည်ဟု မြို့နယ်စည်ပင်အဖွဲ့က ထုတ်ပြန်ထားသည်ဟု သိရသည်။

မြောက်ဦးတစ်မြို့လုံးကို လက်ဆည်ကန်၊ အနူမကန်နှင့် တောင်ဖြူကန်တို့မှ ရေမော်တာစက်ကြီးဖြင့် သောက်သုံးရေဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မီးရရှိသည့်အချိန်မှသာ ဖြန့်ဝေပေးနိုင်သည့်အတွက် အခက်ကြုံနေရသည်ဟု မြို့နယ်စည်ပင်က မတ်လ ၁ဝ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် “လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပါ်နေသောကြောင့် မြို့ရေပေးရေးလုပ်ငန်းမှာ အခက်အခဲကြုံနေရသဖြင့် ရေပေးဝေချိန်ကို လျှပ်စစ်မီးအပေါ်မူတည်၍ နေ့/ညမရွေး ဆောင်ရွက်နေရပြီး ရေသိုလှောင်ရန် ရေပုံးနှင့် ရေစုကန်များဆောင်ရွက်ထားရှိရန်နှင့် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရေကိုချွေတာသုံးစွဲကြရန် အသိပေးနှိုးဆော်အပ်ပါသည်”ဟု ဖော်ပြထားသည်။

လက်ရှိတွင် မြောက်ဦးမြို့အတွင်း စည်ပင်ကဖြန့်ဝေပေးသည့်သောက်သုံးရေ အချိန်မှန်မရ၍ ရပ်ကွက်များ၌ သောက်သုံးရေရှားပါးမှုများနှင့်ကြုံနေရပြီဟု မြို့ခံများက ပြောသည်။

မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက “တခါတလေကျတော့လည်း မီးမှန်လည်း ရေကပုံမှန်မလာတာတွေရှိတယ်။ ပိုက်ဆံရှိတဲ့လူတွေမှာက ရေလာချိန် တိုင်ကီတွေထဲထည့်ထားလို့ရတယ်။ ဆင်းရဲသားတွေမှာက တိုင်ကီလည်း မသွင်းနိုင်၊ ရေမသွင်းနိုင်တဲ့လူတွေက ရေအခက်ခဲရှိတယ်”ဟု ပြောသည်။

မြောက်ဦးမြို့တွင် မြို့ပေါ်ရပ်ကွက် ၇ ခုနှင့် လူဦးရေ ၄ သောင်းကျော်ရှိသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရေအခက်အခဲဖြစ်၍ ရေတွင်းများ ကန်များနှင့် ရေပေးဝေနေသည့်ဆည်များသို့ သုံးဘီးများဖြင့် သွားခပ်ရသည်အထိ အခက်ကြုံနေကြရကြောင်း မြောက်ဦးလူငယ်အစည်းအရုံးဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က နိရဥ္စရာကို ပြောသည်။

“ရေပေးရမယ့်အချိန်တွေမှာ မီးပြတ်သွားတော့ ရေကမရောက်တော့ဘူး။ ညဘက်မီးရလို့လည်း ရေတော့ရပါရဲ့။ သို့သော် ၁၂ နာရီ၊ ၁ နာရီလောက်မှာ ရေလာတာတွေရှိပါတယ်လေ။ တချို့ရပ်ကွက်တွေမှာ ရေမရောက်လို့ သုံးဘီးတွငှားပြီး သွားခပ်ရတာတွေရှိပါတယ်”ဟု ပြောသည်။

ယခုအခါ ပူပြင်းခြောက်သွေ့သည့်ရာသီဖြစ်လာပြီဖြစ်၍ မြို့တွင်းရှိ ရေတွင်းရေကန်များမှာ ရေများခမ်းခြောက်လာပြီဖြစ်သည့်အတွက်လည်း ရေရှားပါးမှုဒဏ်ကို ခံစားနေကြရသည်ဟု မြို့ခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5289517627726938

Leave a Reply

Your email address will not be published.