လျှစ်စစ်မီး မကြာခဏပြတ်တောက်မှု မေလအထိဖြစ်နေမည်ဟု စစ်ကောင်စီပြော

By Development Media Group (DMG)/ 2022 March 25

တစ်နိုင်ငံလုံးတွင် လာမည့်မေလကုန်အထိ လျှပ်စစ်မီးကို အလှည့်ကျအနေဖြင့်ထုတ်လွှင့်ပေးမည်ဖြစ်သည်သဖြင် နေ့စဉ်လျှပ်စစ်မီးမကြာခဏပြတ်တောက်နေဦးမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။

“လျှစ်စစ်နဲ့ပတ်သက်လို့ကျတော့ ကျနော်တို့ မေလလောက်အထိတော့ ဒီပုံအတိုင်းသွားနေမယ့် သဘောရှိပါတယ်။ ဒါတွေကို ကျနော်တို့တိကျအောင် ပြန်လုပ်ပေးမယ်။ အချိန်နည်းနိုင်သမျှ နည်းနိုင်အောင် ပြန်လုပ်ပေးမယ်လို့ကျနော် တို့သူတို့ကိုပြောထားပြီးပြီးဖြစ်တယ်။”ဟု  စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယမန်နေ့ မတ်(၂၄)ရက်ကပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေရခြင်းမှာ LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှုကျဆင်းမှုတို့ကြောင့် မလည်ပတ်နိုင်ခြင်း၊ လျှပ်စစ်တာဝါတိုင်များဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ပို့ပေးမည့်ပိုက်လိုင်းများ ပြင်ဆင်နေခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိ ရခိုင်တွင်လည်း လျှပ်စစ်မီးကို အလှည့်ကျဒေသလိုက်ပေးနေရသဖြင့် နေ့စဉ်မီးမကြာခဏပြတ်တောက်နေခြင်းကြောင့် ပြည်သူတို့၏ အိမ်တွင်းမှုမှအစ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတို့မှာလည်း နေ့စဉ်အခက်ကြုံနေကြရသည်။

ယခုကဲ့သို့ မေလအထိ လျှပ်စစ်မီးပြတ်တောက်နေမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိမီးပြတ်သည့်အချိန်မှာ ပုံမှန်အချိန်အတိုင်းမရှိသည့်အတွက် လျှပ်စစ်မီးကို ပြတ်တောက်မည့်အချိန်ကို တိကျသေချာစွာလုပ်ပေးစေချင်ကြောင်း ရခိုင်ဒေသခံတို့က တောင်းဆိုနေကြသည်။

“အခုလို လျှစ်စစ်မီးမကြာခဏပြတ်တောက်မှုဟာ မေအထိသွားမယ်ဆိုရင်တော့ တစ်ရက်မှာ ၅ နာရီပြတ်မယ်ဆိုရင် အချိန်မှန်ပြတ်တောက်ပြီး အချိန်မှန်ပြန်ရစေချင်တယ်။ ဥပမာ-ဒီနေ့ ၁၂ နာရီပြတ်မယ်ဆိုရင် ညနေ ၃ နာရီမှပြန်ရမယ်ဆိုရင် ၁၂ နာရီဆိုရင်အချိန်မှန်ပြတ်ပြီး ၃ နာရီဆိုရင် အချိန်မှန်အဲလို ပြန်ရစေချင်တယ်။ ဘာလိုဆိုတော့ ကျမတို့မှာမီးပြတ်နေတဲ့အချိန် တကယ်လို အဲဒီလိုကြော်ငြာထားတယ်ဆိုရင် ပြင်ဆင်စရာရှိတာကို ပြင်ဆင်လို့ရတယ်။ တခါတလေ အချိန်မှန်တာတွေလည်းရှိသလို အချိန်မမှန်တာတွေလည်းရှိတယ်။ ဒီလိုဆိုရင် ကျမတို့မှာ လုံးဝအဆင်မပြေဘူး”ဟု စစ်တွေမြို့ ခိုင်ထူးလေယာဉ်လက်မှတ်ဆိုင်ပိုင်ရှင် မစောခင်အေးက DMG သို့ပြောသည်။

လက်ရှိရခိုင်တွင် လျှပ်စစ်မီးကိုအသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်နေရသည့် အလူမီနီယံလုပ်ငန်းနှင့် မိတ္တူလုပ်ငန်းအပါအဝင် အခြားအသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများမှာလည်း ထိခိုက်နစ်နာနေကြသည်။

လျှစ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးစက်ကိုအသုံးပြုမည်ဆိုလျှင်လည်း စက်သုံးဆီဈေးနှုန်းမှာ အဆမတန်ဈေးမြှင့်တက်နေပြီး လုပ်ငန်းလည်ပတ်ရန်အခက်တွေ့နေကြောင်းလည်း လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

https://www.facebook.com/dmgnewsagency/posts/2254398888045843

Leave a Reply

Your email address will not be published.