By Development Media Group (DMG)/ 2022 March 08

မင်းပြားမြို့နယ်၊ လေးမြို့မြစ်အတွင်းတွင် မြစ်လယ်တလျှောက်၌ သဲကျွန်းများ တောက်လျှောက်ပေါ်လာမှုကြောင့် ရေလမ်းခရီးသွားလာနေကြသူများမှာ သွားလာရအခက်အခဲ ဖြစ်နေကြသည်။
အဆိုပါသဲကျွန်းများမှာ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာမှ ဆီသည်(မွတ်ဆလင်)ကျေးရွာအနီးအထိ တစ်ဆက်တည်းပေါ်ထွက်လာနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းကြောင့် လက်မ(ရခိုင်)ကျေးရွာမှ နန်းကျားကျေးရွာသို့ပြေးဆွဲနေသည့် ကူးတို့သည်များမှာ ကမ်းကပ်ရန် အခက်ခဲဖြစ်နေသည်ဟု ကူတိုးသည် ဦးမောင်သိန်းလှကပြောသည်။
“အရင်ကဆို စက်လှေက ကမ်းအထိတိုက်ရိုက်သွားလို့ရတယ်။ အခုကျွန်းတွေပေါ်လာပြီးနောက်မှာ မြစ်ကတိမ်သွားတော့ စက်လှေက ကမ်းကပ်လို့မရတော့ဘူး။ ကမ်းမရောက်ခင်ကနေ ရေထဲက တပိုင်းဆင်းသွားရတယ်။ ခရီးသည်တွေအတွက် အဆင်မပြေဘူးပေါ့။ ဆိုင်ကယ်တွေဆိုလည်း ရေထဲကနေ ဆင်းပြီးတွန်းယူသွားရတယ်”ဟု ၎င်းကပြောသည်။
ယင်းပတ်ဝန်းကျင်ရှိ နဂရာ၊ လက်မ၊ ဇီးကုန်း၊ ညောင်ပင်ဝိုင်း၊ မကျည်းပင်စု၊ သရက်အုပ် စသည့်ကျေးရွာများမှ ဒေသခံများမှာ အဆိုပါကူးတို့စက်လှေများကို အဓိကအားထားကာ မင်းပြားမြို့သို့ဈေးရောင်း၊ဈေးဝယ်ရန် သွားလာနေကြရခြင်းလည်းဖြစ်သည်။
အလားတူ ကိုယ်ပိုင်စက်လှေများဖြင့်သွားလာနေကြသူများမှာလည်း မြစ်တိမ်ကောလာမှုကြောင့် သွားစရာ ကိစ္စများရှိလျှင် မြစ်ရေတက်လာချိန်ကိုသာစောင့်၍ သွားလာနေရကြောင်း သိရသည်။
“ပုံမှန်အချိန်တွေဆိုရင် သွားစရာရှိရင်လည်း သွားလို့အဆင်မပြေဘူး။ စက်လှေတွေကို ကြိုးနဲ့ချည်ထားရတယ်။ မြစ်ရေတက်လာတဲ့အချိန်မှပဲ ကိုယ်သွားစရာရှိတဲ့နေရာတွေကို သွားလို့အဆင်ပြေတယ်။ တခါတလေ လူနာတွေ သွားစရာရှိတယ်ဆိုရင် စောင့်မနေဘဲ ရေနက်ရာဘက်တွေက ကွေ့ပတ်ပြီးသွားကြရတယ်။ အချိန်ကြန့်ကြာသလို ဆီလည်းပိုကုန်တာပေါ့။ အခုဆိုရင် ဆီဈေးတွေလည်းတက်နေတော့ ပိုအဆင်မပြေဘူးပေါ့”ဟု ဒေသခံ ဦးမျိုးမင်းထွန်းက ဆိုသည်။
ယင်းကမ်းခြေမှဒေသခံများမှာ မိုးရာသီအတွင်းက မြစ်ရေလျှံနေမှုကြောင့် သဲကျွန်းများပေါ်လာခြင်းနှင့် ပတ်သက်ပြီး အခက်အခဲကြုံခဲ့ရပြီး နိုဝင်ဘာလလောက်ကစတင်ကာ မြစ်ရေများကျလာသည့်အတွက် ကျွန်းများမှာလည်း ပိုမြင့်တက်လာနေပြီး သွားလာရအခက်အခဲဖြစ်လာနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထို့ကြောင့် ဒေသခံများသွားလာရေးလွယ်ကူစေရေးအတွက် စစ်ကောင်စီအနေဖြင့် အဆိုပါကမ်းခြေ တစ်လျှောက်ရှိ သဲများကို တူးဖော်ပေးစေလိုကြောင်း တောင်းဆိုနေကြသည်။
လက်မကျေးရွာမှ ကူးတို့သည်ဦးမောင်သိန်းလှက “တာဝန်ရှိသူတွေအနေနဲ့ အကုန်လုံးကိုလိုက်ပြီး လုပ်မပေး နိုင်ရင်တောင် ခရီးသည်တွေ သွားရေး၊လာရေးအဆင်ပြေအောင်အတွက် ကမ်းအထိ တိုက်ရိုက်သွားလို့ရအောင် အတွက် စက်လှေကပ်လို့ရအောင် တူးဖော်ပေးစေချင်တာပေါ့။ အနည်းဆုံး ပေ ၃၀၀ ကျော်လောက်တူး ဖော်ပေးလိုက်ရင် စက်လှေတွေ ကမ်းအထိကပ်လို့ရပြီ။ ခရီးသည်တွေလည်း ရေထဲကဆင်းပြီး သွားနေဖို့မလိုတော့ဘူး”ဟု ဆိုသည်။
အဆိုပါ လေးမြို့ချောင်းကမ်းခြေတစ်လျှောက်ရှိကျေးရွာများမှာ မိုးရာသီဆိုလျှင် နှစ်စဉ်၊နှစ်တိုင်း ကမ်းပါးပြိုမှုဒဏ်ကိုခံရသည်သာမက ယင်းကမ်းပါးပြိုမှုများကြောင့်ဖြစ်ပေါ်လာသည့် မြစ်တိမ်ကောမှုများ၊ ကျွန်းပေါ်ထွက်လာမှုများကိုပါ ဆက်တိုက်ကြုံတွေ့လာနေကြရသည်။
https://www.facebook.com/dmgnewsagency/posts/2241881285964270