By VOA / 2022 March 28

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ပြီး လူသားမျိုးနွယ်ထု တရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ တရားဝင်သတ် မှတ်ချက်ကို အမေရိကန်နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလိုက်ကြပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်ခံရတဲ့အထိ ဆုံးရှုံးနစ်နာမှုတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက် တရားမျှတမှုရဖို့ ဆက်လက်ဆောင်ကျဉ်းပေးဖို့လည်း ရိုဟင်ဂျာတွေက တောင်းဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာသိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်တွေကို “Ethnic cleansing” လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအဖြစ်ပဲ အမေရိကန်ပြည်ထောင်စုက သုံးနှုန်းခဲ့ရာကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာတော့ “Genocide” လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင်ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝါရှင်တန်မြို့တော် Holocaust ပြတိုက်မှာ ကျင်းပတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုဆီ ဦးတည်နေတဲ့ မြန်မာ “Burma’s Path to Genocide” လို့ နာမည်ပေးထားတဲ့ ရိုဟင်ဂျာအရေး ပြပွဲကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပြီးတဲ့နောက်၊ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် သတ်ဖြတ်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ အမေရိကန်အစိုးရက ဆုံးဖြတ်တဲ့အကြောင်း တရားဝင် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
“ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ Holocaust ဖြစ်ရပ်နောက်ပိုင်း လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အမေရိကန်က သတ်မှတ်တဲ့ ဖြစ်ရပ် ၇ ခု ရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ၈ ခုမြောက် ဖြစ်သွားပါပြီ။ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်တယ်လို့ ဆုံးဖြတ်လိုက်တာကြောင့်ပါ။”
အခုလို အမေရိကန်အစိုးရဘက်က လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ကြေညာချက်အပေါ် မြန်မာနိုင်ငံမှာလက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်က ပယ်ချပါတယ်။ အစိုးရအနေနဲ့ စစ်တပ်အနေနဲ့ပါ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။
“ဒါကတော့ သူတို့စွပ်စွဲနေကျဖြစ်တဲ့အတိုင်း သူတို့ အစီအစဉ်အတိုင်း စွပ်စွဲနေတာဖြစ်တယ်။ ကျနော်တို့က ဒီမှာလည်း သက်သေပြခဲ့ပြီး ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဒါ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်တွေရှိတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်တွေလည်း အနည်းစုပါပဲ။ တပ်မတော်တရပ်လုံးအနေနဲ့ရော၊ အစိုးရအနေနဲ့ရော လုပ်ဆောင်ခဲ့တာမရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြစ်မှုနဲ့ဆိုင်တဲ့ ပြစ်ဒဏ်နဲ့ဆိုင်တဲ့ အရေးယူမှုတွေလည်း ဒါဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။”
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ပြီး လူသားမျိုးနွယ်ထု တရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ တရားဝင်သတ် မှတ်ချက်ကို အမေရိကန်နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ရိုဟင်ဂျာတွေဘက်က ဘယ်လိုခံစားရပါသလဲ။ အခုလို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ်လို့ တရားဝင်သတ်မှတ်လိုက်ရုံတင်မကဘဲ နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေဘက်က တရားမျှတမှုရရေး အမေရိကန်နဲ့နိုင်ငံတကာက ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်လို့လည်း ကော့ဇ်ဘဇားဒေသ ဘာလုခါလီဒုက္ခသည်စခန်းမှာ ခိုလှှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ဆိုပါတယ်။
“အမေရိကန်အစိုးရဘက်က ကျနော်တို့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide ဖြစ်မြောက်တယ်လို့ တရားဝင်သတ်မှတ်ကြေညာတဲ့အပေါ် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က အားရဝမ်းသာကြိုဆိုပါတယ်ခင်ဗျာ။ ကျနော်တို့ တောင်းဆိုချင်တာကတော့ အမေရိကန်ပြည်ထောင်စုနှင့်တကွ နိုင်ငံတကာအနေနဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးပြီး ကျနော်တို့တွေ ဆုံးရှှုံးခဲ့ရတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံတကာ အကာအကွယ်အောက်ကနေ အမြန်ဆုံး မိမိတို့နေရပ်ရင်းသို့ ပြန်သွားနိုင်ရေး ကူညီဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံတင်ပြတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ အမေရိကန်ပြည်ထောင်စုမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သူများအား အရေးယူ တဲ့ ဥပဒေနဲ့ ကျူးလွန်ခံခဲ့ရသူတွေကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ဒီဥပဒေတွေနဲ့ အရေးယူဆောင်ရွက်ပေးမယ်လို့လည်း ကျနော်တို့ ရိုဟင်ဂျာတွေက မျှော်လင့်နေကြပါတယ်ခင်ဗျာ။”
ရခိုင်မြောက်ပိုင်းဖြစ်ရပ်တွေအတွင်း အသက်ဆုံးရှှုံးခဲ့ရသူတွေ အဓမ္မကျူးလွန်ခံရသူတွေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှှုံးခဲ့ရသူတွေအတွက် တရားမျှတမှုတွေ ဖော်ဆောင်ပေးဖို့ကိုလည်း ဘာလုခါလီစခန်းအမှတ် (၁၀)က ရိုဟင်ဂျာဒုက္ခသည်ဦးကျော်စိုးက တောင်းဆိုပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ ဒီလိုရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု ဟုတ်-မဟုတ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် သူတို့မှာ ငါးနှစ်အချိန် ယူခဲ့ရတယ်။ အမေရိကန်အစိုးရဆိုတာ ကမ္ဘာမှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့နိုင်ငံအဖြစ် ဒီယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတရပ်အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကနေ ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်၊ နောက် ခံစားခဲ့ရတဲ့ ဆုံးရှှုံးနစ်နာခဲ့ရသူတွေအတွက် ရပိုင်ခွင့်၊ ဒါတွေကိုလည်း ရရှိအောင်လို့ ဆုံးခမ်းတိုင်အောင် သူတို့အနေနဲ့ ဆောင်ရွက်ပေးဖို့ တွန်းအားပေးဖို့လည်း ရှေ့ဆက်ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ လက်တွဲပြီးတော့ ကျနော်တို့ကိစ္စကို အမြန်ဆုံး အဆောတလျင် တွန်းအားပေးပြီးတော့ တွန်းတွန်းတိုက်တိုက် ဆက်လက်ဆောင်ရွက်ပေးမယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”
အခုအချိန်အထိ ရခိုင်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသက မူဆလင်ကျေးရွာတွေထဲ နယ်မြေရှင်းလင်းမှုတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သူတို့ မျက်စိရှေ့တင်ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ လူမျိုးတုန်းသတ်ဖြတ်ခံရမှုတွေထဲက ကိုယ်တွေ့အဖြစ်အပျက်တွေကို ကျန်ရစ်သူတွေရော ကျူးလွန်ခံရသူတွေဘက်က ဘယ်လိုမှ မေ့ပျောက်လို့မရသေးဘူးလို့ ဦးကျော်စိုးတို့လို ရိုဟင်ဂျာဒုက္ခသည်တွေကဆိုပါတယ်။
“ကျနော်တို့ ခံစားခဲ့ရတဲ့ ကျနော်တို့ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုဘယ်တော့မှ မမေ့ပါဘူး။ ငါးနှစ်တောင်ကြာသွားတယ်ဆိုပေမဲ့ မနေ့တနေ့ကဖြစ်သလို ဒီလိုပဲ ကျနော်တို့ စိတ်ထဲ ခြောက်ခြားပြီးတော့ ခံစားနေရတယ်။ ကျနော်တို့ဟာ အားအင်ချိနဲ့တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်တယ် ကျနော်တို့ မြန်မာနိုင်ငံတွင်းနေထိုင်ခဲ့တဲ့ တလျောက်လုံးကိုပြန်ကြည့်မယ်ဆိုရင် သူတို့ကစီမံကိန်းချပြီးကို စနစ်တကျ ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်ကနေ ကျနော်တို့ကို ရိုက်ချိုးခဲ့တယ်။ နိမ့်ကျသထက် နိမ့်ကျအောင် ဒီလိုပဲ ဆောင်ရွက်ခဲ့တယ်။ ဒါတွေကို ကျနော်တို့ ကလေးသူငယ်တွေ နောင်လာနောင်သားတွေအတွက် အနာဂတ် ကိုယ့်ဒေသကိုယ့်နေရပ်ရင်းမှာနေနိုင်အောင်လို့ကမ္ဘာသူကမ္ဘာသားတွေ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေအနေနဲ့ တရားမျှတမှုရအောင် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ကျနော့်တို့အနေနဲ့ မျှော်လင့်ပါတယ်။”
အခုလို ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုက တရားဝင်သတ်မှတ်ကြေညာလိုက်ချိန်မှာ- ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာနိုင်ငံဘက်ကတော့ အခုလက်ရှိမှာတော့ နယ်သာလန်နိုင်ငံ သဟိပ်မြို့ က အိုင်စီဂျေ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာစစ်တပ်ဘက် ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို နှစ်နိုင်ငံ အပြန်အလှန်လျှောက်ထားမှုတွေနဲ့ တရားရင်ဆိုင်ဖြေရှင်းနေရချိန် လည်းဖြစ်ပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159801192715170