By Narinjara / 2022 March 14
မြထွီးသျှင်
ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့အား ယနေ့ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။
“ဒီနေ့မှာတော့ စွပ်စွဲခံခဲ့ရတဲ့ ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို စစ်ခဲ့တယ်။ နောက်ရုံးချိန်းမှာတော့ စွပ်စွဲခံရသူတွေဘက်က သက်သေတွေကို စစ်ဆေးသွားမယ်” ဟုပြောသည်။
သူတို့နှစ်ဦးကို ယနေ့ မတ်လ ၁၄ ရက်တွင် စစ်တွေအကျဉ်းထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့် မတ်လ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုခဲ့သည်ဟု သိရသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲသမာမှုကိစ္စရပ်များကို ပြုလုပ်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)ဖြင့် ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံခဲ့ရသည်။
သူတို့နှစ်ဦးကို စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ရုံးချိန်း၌ စွဲချက်တင်သင့်မတင်သင့် နှစ်ဘက်ရှေ့နေများက လျှောက်လဲခဲ့ကြပြီးနောက် စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်။
သူတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသေးသည်။
https://www.facebook.com/narinjara.info/posts/5295439320468102