By RFA / 2022 March 07

မြန်မာနိုင်ငံက စက်လှေနဲ့လာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်ရာကျော်ဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ပင်လယ်ကမ်းခြေကို ရောက်လာခဲ့တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုက ပြောတဲ့အကြောင်း Reuters သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
ကလေးငယ် ၃၅ဦး အပါအဝင် ဒုက္ခသည် ၁၁၄ ဦးဟာ ပင်လယ်ထဲမှာ ဘယ်လောက် ကြာခဲ့သလဲဆိုတာ အင်ဒိုနီးရှား အာဏာပိုင်တွေက အသေအချာ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒုက္ခသည်အချို့ကတော့ ကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လို့ အာချေးပြည်နယ်က စေတနာဝန်ထမ်း ကူညီသူ တစ်ဦးက ပြောပါတယ်။
အာချေးပြည်နယ်က ရွာတစ်ရွာကို ဒုက္ခသည်တွေ လမ်းလျှောက်ဝင်လာပြီး သူတို့ကို အကာအကွယ်ပေးဖို့ အကူအညီ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည် အမျိုးသမီး တစ်ဦးဟာ လမ်းမလျှောက်နိုင်ဘူးလို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။
ဒုက္ခသည်တွေကို အာဏာပိုင်ဆီ လွှဲလိုက်မယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေမှာ ပင်လယ်ထဲ မျောပြီး နှစ်မြုတ်လုနီးပါး ဖြစ်နေတဲ့ စက်လှေတစ်စီးကို အင်ဒိုနီးရှား ရေတပ်က ကယ်တင်ခဲ့ပြီး အဲဒီစက်လှေမှာ ရိုဟင်ဂျာဒုက္ခသည် တစ်ရာကျော်ပါပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ အင်ဒိုနီးရှားနိုင်ငံကို စက်လှေတွေနဲ့ ရောက်လာနေပေမယ့် အင်ဒိုနီးရှားဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ မဟုတ်ပါဘူး။