ရထားလမ်း ဧရိယာအတွင်းနေထိုင်သူများ နေအိမ်ဖယ် ပေးရမည့်ကိစ္စ အသနားခံစာတင်ထားမှု ထူးခြားမှုမရှိသေး

By Western News/ 2022 March 08

ရခိုင်ပြည်နယ်​၊ စစ်တွေမြို့နယ် ရထားလမ်းဧရိယာအတွင်း နေထိုင်သူများကို နေအိမ်များဖယ်ရှားပေးရမည်ဆိုသည့် ကိစ္စနှင့်ပတ်သတ်၍ အသနားခံစာတင်ထားမှုထူး ခြားမှုမရှိသေးကြောင်း ယင်းဧရိယာအတွင်းနေထိုင်သူများကပြောသည်။

စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းကိုပြန်လည် ပြေးဆွဲတော့မည်ဖြစ်သည့်အတွက် ယင်းဧရိယာအတွင်းကျူးကျော်နေထိုင်သူများကို မတ်လ ၁ ရက်နေ့တွင် နေအိမ်များကို နောက်ဆုံးထားဖယ်ရှားပေးရန် ရဲဌာနနှင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူတချို့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က လာရောက်သတိပေးစာပေးထားသည်ဟု သိရသည်။

အဆိုပါသတိပေးစာတွင် ၅ ရက်အတွင်း မဖယ်ပေးပါက အကြမ်းနည်းဖြင့်ဖယ်ရှားသွားမည်ဖြစ်သည်ဟု ပါရှိသည့်အတွက် ရထားလမ်းဧရိယာအတွင်း နေထိုင်သူများဖက်က သင့်တော်လျောက်ပတ်သောနေရာသစ် တစ်ခုကို စီစဉ်ပေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီးအပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က အသနားခံစာတင်ထားခဲ့ကြခြင်းဖြစ်သည် ။

ယင်းသို့ အသနားခံစာတင်ထားသော်လည်း လက်ရှိအထိ တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသေး ကြောင်း အကြမ်းနည်းဖြင့်ဖယ်ရှားမည်ဆိုသည့်အပေါ် စိုးရိမ်မှုရှိနေသည်ဟု အဆိုပါနေရာတွင်နေထိုင်သည့် ဦးရွှေသိန်းက Western News ကိုပြောသည်။

“၅ ရက်အတွင်း အပြီးဖယ်ပေးရမယ်ဆိုပြီး စာနဲ့သတိပေးထားတော့ ကျွန်တော်တို့ဖက်ကလည်း သင့်တော်တဲ့နေရာတစ်ခု စီစဉ်ပေးဖို့ တောင်းဆိုကြတာပေါ့။ အခုထိတော့ ဘယ်ဌာနကမှအကြောင်းမပြန်သေးဘူး။ မဖယ်ပေးရင် အကြမ်းနည်းနဲ့ ဖယ်ရှားမယ်ပြောထားတော့ စိုးရိမ်နေကြတာပေါ့”ဟုပြောသည်။

စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရပ်တန့်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိနေထိုင်သူများမှာ ယင်းရပ်တန့်ထားသည့် ကာလအတွင်းနေထိုင်နေကြသူများဖြစ်ကြောင်းသိရသည်။

ယင်းမြေကို ယခင်နေထိုင်သူများမှတစ်ဆင့် မြေနေရာတစ်ခုကို ကျပ်သိန်း ၈၀ ဖြင့်ဝယ်ယူခဲ့ကြသည်ဟု လက်ရှိအဆိုပါနေရာများတွင်နေထိုင်သူများက ပြောသည်။ မဖြစ်မနေပြောင်းရွေ့ရမည်ဆိုရင်လည်း အစိုးရဖက်က အဆင်ပြေစေမယ့်နေရာတစ်ခု စီစဉ်ပေးစေချင်သည်ဟု ဦးကိုညီညီကပြောသည်။

“ဦးလေးတို့ဖက်ကလည်း ဒီနေရာမှာ အခြေချဖို့အတွက် ဇာတိရွာမှာတုန်းကရှိတဲ့ လယ်တွေ နွားတွေရောင်းပြီး ဝယ်ယူထားတဲ့မြေကွက်ဖြစ်ပါတယ်။ပြောင်းလာတာလည်း ၄လလောက်ပဲရှိသေးတယ်။ အခုလို ဖယ်ပေးရတော့မယ်ဆိုတော့ လုံးဝစိတ်မကောင်းဘူး။ အဲ့ဒါကြောင့် ဖယ်ပေးရရင်လည်း အိုးမဲ့အိမ်မဲ့မဖြစ်စေဖို့ အစိုးရဖက် က ဦးလေးတို့ကို အဆင်ပြေမယ့်နေရာလေးတစ်ခုပေးစေချင်ပါတယ်”ဟုဆိုသည်။

လက်ရှိဖယ်ရှားပေးရမည့်နေအိမ်များမှာ စစ်တွေမြို့၊ဝေသာလီဘောလုံးကွင်းတောင်ဖက်တွင်ရှိသည့် ရထား လမ်းဧရိယာအတွင်းနေထိုင်ကြသူများဖြစ်ပြီး နေအိမ် ၈၀ ကျော်ခန့်ရှိကာ အများစုမှာ နယ်ဖက်မှာ ပြောင်းရွေ့ အခြေချနေထိုင်နေကြသူများဖြစ်သည်။

နေအိမ်ဖယ်ပေးရမည့်သူများဖက်က အသနားခံစာတင်ထားသည်နှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ရထားလမ်းတာဝန် ရှိသူများကို Western News က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုမှုမရှိခဲ့ပေ။

လက်ရှိတွင် အဆိုပါ ရထားလမ်းပိုင်းကို စစ်ကောင်စီလက်ထက်တွင်ပြန်လည်ပြေးဆွဲရန်လုပ်ဆောင်လာသောကြောင့် ရထားလမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို ဖယ်ပေးရန်သတိပေးထားခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/479255683880941

Leave a Reply

Your email address will not be published.