By Voice Of Westland (VOW)/ 2022 March 16
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပိုလိစ်မြို့မှာ ရခိုင်ရိုးရာ သင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ ပထဆုံးအကြိမ်ကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကြီးကို ဂျူလိုင်လ ၂ ရက်နဲ့ ၃ ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ ပြုလုပ်သွားနိုင်ဖို့အတွက် မြိ့နယ် စည်ပင်က စတိတ်စင်နဲ့ အားကစားကွင်းကို ငှားထားပြီး နေရာအတိအကျကိုတော့ လောလောဆယ်မှာ မသိရသေးဘူးလို့ဆိုပါတယ်။
ရခိုင်ရိုးရာသင်္ကြန်ပွဲကို ရခိုင်ပြည်နဲ့ မြန်မာနိုင်ငံအတွင်းမှာဆိုရင် နှစ်စဉ် ဧပြီလအတွင်းမှာ ကျင်းပလေ့ရှိပေမဲ့လည်း အမေရိကန်လိုနိုင်ငံတွေမှာဆိုရင်တော့ ဧပြီလမှာဆိုရင် အအေးပိုတဲ့အတွက် အခုလို ဂျူလိုင်လမှာကျင်းပဖို့ စီစဉ်လိုက်ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပိုလိစ်မြို့က ကျောင်းထိုင်ဆရာတော် ဦးကုဏ္ဍလက VOW ကို မိန့်ပါတယ်။
“ဒီမှာက အေးတယ်၊ ဧပြီလမှာက အပြင်တောင် ထွက်လို့ မရသေးဘူး။ ဒီလိုပွဲလုပ်ဖြစ်တယ်ဆိုတာကလည်း ဒီကလေးတွေက ရခိုင် မိဘကမွေးပေးမယ့် ရခိုင်ပြည်မဟုတ်တဲ့အတွက် ရိုးရာအစဉ်အလာတွေကို မမြင်ဖူးကြဘူး။ ဒါကြောင့် ကလေးတွေကို သိစေချင် မြင်စေချင်လို့ သူတို့အတွက် လုပ်ပေးဖြစ်တာပါ” ဆရာတော် ဦးကုဏ္ဍလက မိန့်ပါတယ်။
အမေရိကန်နိုင်ငံ အိုင်အိုဝါမှာတော့ ရခိုင်ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ အင်ဒီယားနားမှာ ဒါဟာ ပထမဆုံးအကြိမ်အဖြစ်ကျပဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
အိုင်အိုဝါနဲ့ အင်ဒီယားနားဟာဆိုရင် ၈ နာရီလောက်ဝေးတဲ့အတွက် အိုင်အိုဝါမှာကျင်းပတဲ့ပွဲကို လူတိုင်းက မသွားရောက်နိုင်သလို ညအိပ်ညနေသွားရတဲ့ ခရီးတစ်ခုဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပိုလိစ်မြို့မှာဆိုရင် ရခိုင် လူကြီး လူငယ် ၃၀၀ ဝန်းကျင်ရှိသလို ချင်းလူမျိုး နှစ်သောင်းခွဲကျော်နဲ့ ဗမာ၊ မွန်၊ ကရင်၊ ကချင်စတဲ့ လူမျိုးတွေကလည်း ၁၀၀ ဝန်ကျင်လောက်စီရှိကြတယ်လို့ သိရပါတယ်။