ရခိုင်မှာ အခြေခံစားကုန်တွေ ဈေးတက် ရှားပါး

By VOA / 2022 March  03

ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ နေ့စဉ်နဲ့အမျှ ဈေးတက်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်ကြုံနေရပါတယ်။ ကုန်ဈေးနှုန်းတက်ရုံမက တချို့ပစ္စည်းတွေ ရှားပါးပြတ်လပ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုးကျဆင်းတာ၊ သွင်းကုန် တွေ ရှားလာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ အဲဒီထဲကမှ ပြည်မဘက်ကလာတဲ့ စားသောက်ကုန်တွေကို အဓိကဝယ်ယူစားသုံးနေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် စားသုံးကုန်တွေ ဈေးတက်ရုံမက ဝယ်နိုင်ဖို့ပါ ပစ္စည်းရှားနေတာကြောင့် ဒေသခံတွေ အတော်လေး အခက်ကြုံနေပါတယ်။ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကိုပါ ဝယ်ဖို့ခက်နေတယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဒေါ်သိန်းမေက ပြောပါတယ်။

“ပစ္စည်းတွေကလည်း တနေ့ထက်တနေ့ ဈေးတွေပိုလာတယ်၊ မီးသွေးရော၊ ဖယောင်းတိုင်တွေရော၊ အကုန်ဈေးတက်တယ်။ ဆီတပုလင်းကို ၄,၄၀၀ ဝယ်နေရတယ်။ အဲဒါတောင် ရိုးရိုးဆီပဲနော်၊ အဲဒါ ဝယ်စားနိုင်ဖို့ အခြေအနေမရှိဘူး။ မိုးတွင်းတောင် မရောက်သေးဘူး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာ။ မီးပျက်လို့ ဖယောင်းတိုင် ဝယ်ရတာကော ဘယ်လောက် ခက်ခဲ နေကြသလဲဆိုရင် တော်တော်ခက်ခဲနေကြပါပြီ။”

ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ပြည်နယ်တခုဖြစ်သလို ဒေသတွင်း အဓိက စားသောက်ကုန်တွေကိုလည်း ရန်ကုန်အပါအဝင် တခြားပြည်နယ်တွေက တင်သွင်းနေရတာ ဖြစ်ပါတယ်။ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လို့ သယ်ယူစရိတ် ကြီးနေတာကြောင့် ပြည်မကလာတဲ့ စားသုံးကုန်တွေလည်း ဈေးတက်နေတယ်လို့ ဒေါ်သိန်းမေကပြောပါတယ်။

“ရန်ကုန်ကလာတာက သခွားသီးတလုံးကို ဒေါ်လေးတို့ ၁၅၀ ဝယ်ရတယ်။ သေးသေးလေးပဲ၊ ငရုပ်သီးဆိုရင်လည်း တပိဿာကို ၂,၅၀၀ ဝယ်ရတယ်။ မရမ်းသီးတို့ ကျတော့ ၃,၀၀၀ ဈေးဝယ်ရတယ်။ ရန်ကုန်ကလာတဲ့ ပစ္စည်းတွေ အကုန်လုံးပေါ့၊ မုန်လာဥအနီတွေက တပိသာကို ၅,၀၀ ဈေးဝယ်ရတယ်။ မနေ့က ၅,၀၀၀ ဈေးနဲ့ ဝယ်လို့ရရင် ဒီနေ့ဆိုရင် ၅,၅၀၀ ဈေးဝယ်နေရတယ်၊ တနေ့ထက် တနေ့ ပိုပြီးတော့ မြင့်မြင့်လာတာ၊ ပလက်စတိတ် အိပ်ကလေးက အစ ငွေ ၁၀၀ တိုးသွားပြီ… ဆိုတော့ ဈေးရောင်းတဲ့သူတွေလည်း အဆင် မပြေတော့ဘူး”

အခုလို စားသောက်ကုန်တွေ ဈေးတက်နေချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတာကြောင့် မိသားစုစားဝတ်နေရေး အတွက် ခက်ခဲနေတယ်လို့လည်း မြောက်ဦးေဒေသခံတစ်ဦးဖြစ်တဲ့ မလှငွေက ပြောပါတယ်။

“ဝင်ငွေနဲ့ ထွက်ငွေနဲ့က လိုက်မမှီဘူးလေ။ ဟုတ်၊ ဝင်ငွေက တသောင်းဆိုရင် ထွက်ငွေက နှစ်သောင်းဖြစ်နေတယ်၊ အဲဒီလို စားနေရတယ်၊ ကုန်ဈေးနှုန်းတက် တအားတက်နေတာကို အရင်က မိသားစားစရိတ်က တရက်မှာ တသောင်းလောက်ပဲ ကုန်တယ်။ အခုက တသောင်းနဲ့ မရတော့ဘူး။ နှစ်သောင်းအထိကုန်တယ်။”

အခုလို ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ အစိုးရအနေနဲ့ ဖြေရှင်းပေးစေချင်တယ်လို့လည်း ဒေါ်သိန်းမေက ပြောပါတယ်။

“အဲလို အခက်အခဲတွေက တပြည်နယ်လုံးဖြစ်နေတာကို အုပ်ချုပ်တဲ့အစိုးရအပေါ်မှာ မူတည် တာလားတော့မသိဘူး။ အန်တီတို့က ဆယ်စုနေရာမှာ တခုလောက်ပဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးပါ။ တခုနေရာမှ ဖွံ့ဖြိုးတဲ့နေရာမတွေ့ဘူးဆိုရင် ရခိုင်တွေ ဒုက္ခရောက်ကုန်တာပေါ့။ လူမျိုးရေး ပြောတာတော့ မဟုတ်ပါဘူး။ ဒေါ်လေးတို့ တကယ့် တကယ်ခံစားရလို့ ပြောတာပါ။”

အခုလို ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေဈေးကြီးနေချိန်မှာ ရခိုင်ကနေ ကုန်စည်တွေမှာယူနေရတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာဆိုရင်လည်း အခြေခံ စားသောက်ကုန်တချို့ သယ်ယူခွင့်ပိတ်ပင်ခံထားရတာကြောင့် ကုန်ဈေးနှုန်းတွေ ၄ ဆလောက်အထိ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159757113545170

Leave a Reply

Your email address will not be published.