ရခိုင်မှမြို့နယ်များ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်

By Western News/ 2022 March 15

ရခိုင်ပြည်နယ်ရှိ ဓာတ်အားပေးလိုင်း ၂ ခုအား ကားလမ်းနှင့်မလွတ်ခြင်း တောင်ကုန်းနှင့် နီးကပ်နေမှုခြင်းတို့ကြောင့် ပြုပြင်လုပ်ဆောင်ရန်လိုအပ်နေသဖြင့် ၎င်းဓာတ်အားလိုင်း ၂ ခုနှင့်ဆက်စပ်သည့် မြို့နယ်များအား လျှပ်စစ်ဓာတ်အားပိတ်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှသိရသည်။

ပြုပြင်မည့် ဓာတ်အားလိုင်း ၂ ခုမှာ ပုဏ္ဏားကျွန်း-စစ်တွေ(၂) ဓာတ်အားလိုင်း၊ ပုဏ္ဏားကျွန်း-မြောက်ဦး ဓာတ်အားလိုင်းဖြစ်ပြီး ပုဏ္ဏားကျွန်း-စစ်တွေ(၂) လိုင်းမှာ ကားလမ်းနှင့်လွတ်စေရန် ဓာတ်အားလိုင်းအားမြှင့်ရန်ဖြစ်သည်ဟုဆိုသည်။

ယင်းအပြင်ပုဏ္ဏားကျွန်း-မြောက်ဦးလိုင်းမှာ တောင်ကုန်းနှင့်မလွတ်သည့်အတွက် အဆိုပါတောင်ကုန်းအားဖြို့ရန်ကြောင့်ဓာတ်အားလိုင်းအား လုပ်ငန်းစဉ်ကာလအတွင်း ပိတ်ထားမည်ဖြစ်သည်ဟု လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက ပြောသည်။

“ဓာတ်အားလိုင်းတွေက သတ်မှတ်ဧရိယာတွေကမကင်းလွတ်ရင် ဓာတ်အားရှော့ဖြစ်ပြီး ပြတ်တောက်တာတွေဖြစ်တတ်တယ်။ အဲ့လိုမျိုးတွေမဖြစ်ရအောင် မလွတ်ကင်းတဲ့လိုင်းတွေကို ပြုပြင်နေတာပါ။  လုပ်ငန်းစဉ်အတွင်းမှာတော့ ဓာတ်အားပိတ်ထားရမှာဖြစ်တဲ့အတွက် အဲ့ဒီဓာတ်အားလိုင်းနဲ့သက်ဆိုင်တဲ့ မြို့နယ်တွေက ဓာတ်အားပြတ်နေမှာပါ။ စစ်တွေလိုင်းဆို ဒီနေ့ ၁၂ နာရီကျော်လောက်မှာပြီးသွားပါပြီ။ ပြီးတာနဲ့ ပြန်ဖွင့်ပေးတာပါ။ ဓာတ်အားမလုံလောက်မှုကြောင့် ဖြတ်တာနဲ့တော့မဆိုင်ပါဘူး” ဟုပြောသည်။

ပုဏ္ဏားကျွန်း-စစ်တွေ(၂) လိုင်းကို မတ်လ ၁၅ ရက်နေ့တွင် ပြုပြင်ပြီးဖြစ်ပြီး ယနေ့ ၁၅ ရက်နေ့ တွင် လျှစ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးသွားပြီးဟုဆိုသည်။

ပုဏ္ဏားကျွန်း-မြောက်ဦးလိုင်းကို မတ် ၁၆ ရက်နေ့တွင်ပြုပြင်မည်ဖြစ်ရာ အဆိုပါလိုင်းရှိ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များပါဝင်မည်ဖြစ်ကာ ဓာတ်အားပိတ်ထားမည့် သတ်မှတ်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအချိန်ထိဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါးတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစ၍ တစ်ရက်လျှင် တစ်ကြိမ်ထက်မနည်း လျှပ်စစ်မီးပြတ်တောက်မှုလည်း ဖြစ်ပွားလျှက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/483604070112769

Leave a Reply

Your email address will not be published.