ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခူမီးအမျိုးသားပါတီတို့ကို စာရင်းဇယားစစ်ဆေးခံဖို့ UEC အကြောင်းကြား

By  Voice Of Westland (VOW)/ 2022 March  07

အဉ္ဇနခင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ခူမီး(ခမီးအမျိုးသားပါတီ)နှစ်ခုရဲ့စာရင်းဇယားတွေကို မတ်လ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်မှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို လာရောက်စစ်ဆေးခံဖို့ စာထုတ်အ​ကြောင်းကြားလာတယ်လို့ သိရပါတယ်။

ပါတီနှစ်ခုရဲ့ ရန်ပုံငွေနဲ့  ပစ္စည်းစာရင်းဇယားတွေကို စစ်ဆေးခံဖို့ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၄ ရက်နေ့စွဲနဲ့ စာထုတ်အကြောင်းကြားလာတာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက VOW ကိုပြောပါတယ်။

“မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင် UEC ကနေ ကျနော်တို့ ALD ကိုနေပြီးတော့ စာရင်းဇယားနဲ့ လိုအပ်တဲ့ မှတ်တမ်းတွေကို စစ်ဆေးဖို့အတွက် မတ်လ ၄ ရက်နေ့မှာ စာတစ်စောင်ထုတ်ပြန်အကြောင်းကြားလာပါတယ်”လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီရဲ့စာရင်းကိုစစ်ဆေးလိုတယ်ဆိုရင် ကျောက်တော်မြို့ကပါတီဌာနချုပ်မှာ လာရောက်စစ်ဆေးနိုင်ကြောင်း၊ မိမိတို့ပါတီအနေနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကိုသွားရောက်စစ်ဆေးခံဖို့ မရှိ​ကြောင်း ALD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းကပြောပါတယ်။

“ကျွန်တော်တို့ပါတီအနေနဲ့ UEC အကြောင်းကြားလာတဲ့စာအပေါ်မှာ ဆုံးဖြတ်ထားတာရှိတယ်။အဲဒီဆုံးဖြတ်ချက်ကတော့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် သွားရောက်စစ်ဆေးခံဖို့မရှိပါဘူး။လိုအပ်လို့ရှိရင် ကျောက်တော်မြို့မှာ ပါတီဗဟိုရုံးရှိတယ်။အဲဒီဗဟိုရုံးမှာ လာရောက်ပြီးတော့ စစ်ဆေးနိုင်ပါတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ရခိုင်အမျိုးသမီး ၃ ဦးကို မဲမသမာမှုပုဒ်မ ၁၇၁ နဲ့တရားစွဲပြီး တယောက်ကိုဒဏ်ငွေ ၁ သိန်းကျပ်စီအမိန်ချမှတ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ ရခိုင်မှာ ပါတီတွေရဲ့စာရင်းဇယားကိုစစ်ဆေးဖို့ အကြောင်းကြားတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၀ ခုနှစ်မှတ်ပုံတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ပါတီကိုဖျက်သိမ်းခံခဲ့ရပါတယ်။၂၀၁၂ ခုနှစ်မှာ နောက်တကြိမ် ပါတီမှတ်ပုံတင်ခဲ့တယ်လို့သိရပါတယ်။

၂၀၁၄ ခုနစ်မှာ RNDP နဲ့ နှစ်ပါတီပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ဖြစ်လာခဲ့တယ်လို့သိရပါတယ်။၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ပြန်လည်ခွဲထွက်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာနောက်တကြိမ် မှတ်ပုံတင်ခဲ့တာ ဒီကနေ့အချိန်ထိပဲဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/152529130499806

Leave a Reply

Your email address will not be published.