By Narinjara / 2022 March 09
ထက်အောင်
![](https://newsvsinformation.com/wp-content/uploads/2022/03/18-2.jpg)
ရခိုင်ပြည်နယ်အတွင်း သောက်ရေသန့် ၁ လီတာဘူးဈေးနှုန်းများသည် လက်ရှိတွင် အနည်းငယ်မြင့်တက်နေပြီဟု သိရသည်။
လတ်တလောတွင် လီတာ (၂၀) ရေသန့်ဘူးကြီးများမှာ ပုံမှန်ဈေးနှုန်းအတိုင်းရှိနေသော်လည်း ၁ လီတာ ရေသန့်ဘူးများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီဖြစ်ကြောင်း စစ်တွေရှိ Good Life သောက်ရေသန့်ကုမ္ပဏီတာဝန်ခံ ဦးမျိုးမြတ်စိုးက ပြောသည်။
“ကျနော်တို့မှာ ကုန်ကြမ်းဝယ်ရတဲ့အခက်အခဲတွေရှိတာကြောင့် ဈေးနှုန်းတက်လာတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ရေသန့်ဘူးကြီးတွေကို ပုံမှန်ဈေးနှုန်းအတိုင်းထိန်းပြီးရောင်းနေတယ်။ ဘူးအသေးလေးတွေက ဈေးနှုန်းတွေ ပြောင်းလဲနေပါပြီ” ဟုပြောသည်။
သောက်ရေသန့် ၁ လီတာဗူး ၁ ဘူးလျှင် ကုမ္ပဏီဈေးနှုန်းအရ ကျပ် ၁၉၀ ခန့်ရှိလာနေပြီဖြစ်သည့်အတွက် ပြင်ပဆိုင်များတွင် ကျပ် ၄၀၀ အထိ မြင့်တက်သွားနိုင်သည်ဟုလည်း သူက ဆက်ပြောသည်။
ရေသန့်ထုတ်လုပ်ရာတွင် စက်သုံးဆီစျေးနှုန်းများနှင့် ပလတ်စတစ်ကုန်ကြမ်းကော်စေ့များ စျေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ရေသန့် ၁ လီတာဘူးများကို မတ်လ ၁ဝ ရက်မှစတင်ကာ စျေးနှုန်းတိုးမြှင့်ရတော့မည်ဟုလည်း စစ်တွေရှိ BMG သောက်ရေသန့် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဆီဈေးနှုန်းတွေလည်း အရမ်းတက်လာတယ်။ ပြီးတော့ လျှပ်စစ်မီးလည်း တစ်နေ့လုံးနီးပါးပြတ်နေတယ်။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ဒါကြောင့် ရေသန့်က ဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် BMG ရေသန့် ၁ လီတာဘူးကို တိုးမြှင့်မည့်ဈေးနှုန်းများအား မသတ်မှတ်ရသေးဟု ဆိုသည်။
လျှစ်စစ်မီးပုံမှန်ဖြစ်ချိန်နှင့် ပလတ်စတစ်ကုန်ကြမ်းစျေးနှုန်းများ လျော့ကျလာချိန်တွင် မူရင်းစျေးနှုန်းအတိုင်း ပြန်လည်ဖြန့်ချိပေးသွားမည်ဟုလည်း BMG သောက်ရေသန့် ကုမ္ပဏီက ကြေညာထားသည်။
လက်ရှိတွင် သောက်ရေသန့်စျေးနှုန်းများနှင့်အတူ စက်သုံးဆီ၊ စားသုံးဆီနှင့် အခြား လူသုံးကုန်ပစ္စည်းများလည်း စျေးနှုန်းများမြင့်တက်လျက်ရှိနေသည့်အတွက် ပြည်သူများတွင် ယခင်ကထက် ငွေကုန်ကြေးကျပိုများကာ ပိုမိုကျပ်တည်းလာနေကြသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5281971135148254