ရခိုင်တွင် ချဲ (ခေါ်)နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်တစ်ခုလိုဦးမည်ဟု ULA/ AA ပြော

By Narinjara / 2022 March  06

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်တွင် ချဲ (ခေါ်)နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်တစ်ခုလိုဦးမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)၏ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

“အခု စပ်ကူးမတ်ကူးကာလမှာ ကျနော်တို့က ပြည်သူ့လုံခြုံရေးကိစ္စကိုပဲ အဓိက ဦးစားပေးပြီးတော့ လုပ်နေရတယ်ဆိုတော့ လောလောဆယ် ဒီကိစ္စတွေကို ကိုင်တွယ်ဖို့၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေကိုကိုင်တွယ်ဖို့အတွက်ကတော့ ကျနော်တို့ အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ပြီးတော့ ကျနော်တို့ ဖြေရှင်းဖို့လိုပါမယ်လို့ ကျနော်ကတော့ ဖြေကြားလိုပါတယ်”ဟု ပြောသည်။

ယမန်နေ့ မတ်လ ၅ ရက် နံနက်ပိုင်းက အွန်လိုင်းမှပြုလုပ်သည့် ULA/AA ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကို ဦးခိုင်သုခက ယခုကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ယခုလိုကြားကာလအတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသော်လည်း ယခုကဲ့သို့ နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးပြဿနာများကို ULA/AA က ဖြေရှင်းရမည့်ဇယားထဲတွင် ထည့်ထားပြီးသား၊ ရှိပြီးသားဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။

အဆိုပါကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ULA/ AA အနေဖြင့် အချိန်တစ်ခုယူရဦးမည်ဟုဆိုသော်လည်း မည်သည့်နှစ်နှစ်အတွင်း ပပျောက်အောင်လုပ်မည်ဆိုသည့် Plan တစ်ခုချထားရန်လိုအပ်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“အချိန်ယူမယ်ဆိုတိုင်း အချိန်ယူတာဟာ ဘယ်နှစ်နှစ်ယူမလဲ။ ဘယ်နှစ်ရက်ယူမလဲ။ ဘယ်နှစ်နှစ်အတွင်းမှာ ပပျောက်အောင်လုပ်မလဲ။ သို့တည်းမဟုတ် ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာတော့ Plan တစ်ခုချထားဖို့လိုမယ်ပေါ့။ ရှိနေဖို့လိုမယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

ယခုကိစ္စများကို ဖြေရှင်းရန်မှာ အစိုးရသော်လည်းကောင်း၊ ULA/ AA သော်လည်းကောင်း ဒိုင်ကြီးများထံမှ အခွန်အတုတ်များကို နိုင်ငံ့ဝင်ငွေတစ်ခုအဖြစ် ကြီးကြီးမားမားကောက်ခံသင့်သည်ဟုလည်း ဦးခိုင်ကောင်းစံက အကြံပြုသည်။

ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် ကျေးလက်တောရွာများတွင် တရားဥပဒေစိုးမိုးမှုအားနည်းချက်ကို အခွင့်ကောင်းယူကာ ယခုနောက်ပိုင်း ချဲ(ခေါ်) နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများသည် တစ်နေ့တခြားတွင်ကျယ်လျက်ရှိနေသည့်အတွက် စာရိတ္တများပျက်ယွင်းကာ လူမှုစီးပွားဘဝများ ပျက်စီးလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

တစ်ဘက်တွင်လည်း ULA/AA ၏ နယ်မြေမှူးများက လိုင်းကြေးများကောက်ခံကာ အဆိုပါလောင်းကစားနှင့် မူးယစ်ဆေးဝါးများကို ရောင်းချအသုံးပြုခွင့်ပေးထားသလားဟုလည်း ဒေသခံများက မေးခွန်းထုတ်နေကြသည်။

ယင်းကဲ့သို့မေးခွန်းထုတ်နေကြမှုအပေါ် ULA/ AA ပြောခွင့်ရသူ ဦးခိုင်သုခက လိုင်းကြေးများကောက်ခံမှုများလည်းမရှိသလို ကောက်ခံခွင့်လည်း ပေးမထားဟု သတင်းထောက်များကိုပြောခဲ့သည်။

https://www.facebook.com/narinjara.info/posts/5273535189325182

Leave a Reply

Your email address will not be published.