By Boder News Agency (BNA) / 2022 March 16
အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်အချို့မှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာတွေ ခပ်စိပ်စိပ်လုပ်နေပါတယ်။
AA နဲ့ စစ်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ဖူးတဲ့ တောင်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက ရွာတွေအတွင်း စစ်ကြောင်းလှည့်ပြီး သွားလာနေကြတာပါ။ အဲဒီလို ရွာအတွင်း စခန်းချနေထိုင်ပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းနေတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်တွေအတွင်းမှာ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်ကောင်စီ တပ်တွေ ရောက်လာပြီး ရွာသားတွေကို မေးမြန်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကဆိုရင် ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီရဲ့စစ် ကြောင်းတစ်ခုရောက်လာပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပါအဝင် ရွာသားအချို့ကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး မေးမြန်းစစ်ဆေးခဲ့တာ ရှိခဲ့ပါတယ်။
“AA နဲ့ပက်သက်ပြီးတော့ မေးတာပေ့ါ။ AA ကို မကူညီဖို့၊ မထောက်ပံ့ဖို့ဆိုပြီးတော့။ သူတို့တွေ အဲလိုလာမေးတော့ ရွာသားတွေမှာ ကြောက်နေရတာပေ့ါ။ သူတို့က စည်းမဲ့၊ ကမ်းမဲ့ လျှောက်ရမ်းပြီး လုပ်ချင်သလိုလုပ်တာကို”လို့ လေးတောင်ရွာသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် ကျွန်းပြိန်ရွာကိုလည်း မတ်လ ၁၄ ရက်က စစ်ကောင်စီစစ်ကြောင်းတစ်ခု ရောက်လာ ပြီး အဲဒီရွာက သံဃာတော်တွေအပါအဝင် ရွာသားအချို့ကို စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ ကျောက်ဖြူ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။
တောင်ကုတ်မြို့နယ် ပေါက်အင်းရွာကိုလည်း မတ်လ ၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပါတယ်။ ရွာအတွင်း တစ်ရက်ကြာ စခန်းချနေထိုင်ခဲ့ကြပြီး အပြန်မှာ အဲဒီရွာက ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့် လာဖမ်းသွားတယ်ဆိုတာကိုတော့ မသိရပါဘူး။
အမ်းမြို့နယ်အတွင်းက ကျေးရွာအချို့မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ဝင်ထွက်သွားလာတာ၊ စခန်းချနေ ထိုင်တာတွေ ရှိနေတယ်လို့ အမ်းဒေသခံ တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာလည်း စစ်ကောင်စီက အဲဒီလိုမျိုးတွေ လုပ်နေတာရှိပါတယ်။
အဲဒီလို လုပ်ဆောင်ချက်တွေကြောင့် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်တင်းမာမှုမြှင့်တက်စေ ပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အနေအထားကို ရောက်လာတဲ့အတွက် စစ်ရေးသတိကြီးစွာနဲ့ အထူး စောင့်ကြည့်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ခဲ့ဖူးပါတယ်။
စစ်ကောင်စီတပ်တွေက အဲဒီလိုမျိုး ရွာတွေတွင်း ဝင်ရောက်စခန်းချနေထိုင်တာ၊ စစ်ဆေးမေးမြန်းတာတွေဟာ ဒေ တည်ငြိမ်ရေးအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း က ထောက်ပြ ပါတယ်။
“သူတို့က အင်အားနဲ့ ရုန်းရင်းဆန်ခပ်လုပ်မယ့်ဟာကိုပဲ စိုးရိမ်ရတယ်။ ကိုယ့်အလုပ်၊ ကိုယ့်စီးပွားကိုယ် လုပ်နေကြ သူတွေပါပဲ၊ အဲဒါကို ယိုးစွပ်ပြီးတော့ အမျိုးမျိုးလုပ်သွားမယ့်ဟာကို စိုးရိမ်ရပါတယ်”လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းအလို နိုဝင်ဘာလဆန်းပိုင်းကဆိုရင် ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့ နယ်က ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ပြီး ရွာသားတွေကို ရက်ကြာရှည် ပိတ်လောင်စစ်ဆေးတာ၊ သေနတ် နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတစ်ထောင်ကျော် ခေတ္တနယ်ရပ်စွန့်ခွါထွက်ပြေးခဲ့ကြရပါသေးတယ်။
အဲဒီတုန်းက ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာက အမျိုးသမီးတစ်ဦးမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ကျည်ကြောင့် ဒဏ်ရာရသွားခဲ့ပါတယ်။
https://www.facebook.com/permalink.php?story_fbid=153839647058350&id=107469705028678