By RFA / 2022 March 29
အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ ကိုစိုးလင်းနိုင်ဟာ တောထဲသစ်ခုတ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက် ဆုံးရှုံးခဲ့ရတာပါ။
သူဟာ ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာဇာတိ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်မှာရှိတဲ့ ရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့တောင်မှာ သစ်ခုတ်သွားရင်း မိုင်းနင်းမိရာကနေ အခုလို မသန်စွမ်းဘဝကို ရောက်ခဲ့ရတာပါ။
အခုတော့ ရှေ့ဆက်ရမယ့် သူရဲ့ဘဝအတွက် ခက်ခဲသွားပါပြီ။
“စိတ်မကောင်း ဖြစ်မိတာပေါ့။ ခြေထောက်တစ်ဖက် ပြတ်သွားတယ်ဆိုရင်တော့ ကိုယ့်ဘဝတစ်ခုလုံး ဆုံးရှုံးသွားသလိုပါပဲ။ ရှေ့ဆက်ရမယ့်ဘဝအတွက်လည်း စိုးရိမ်မိတယ်။ အခုဒီမှာတော့ ထမင်းစားရတာကတော့ အဆင်ပြေတာပေ့ါ။ ဒါပေမဲ့ ထမင်းတစ်ခုနဲ့က မပြီးဘူးလေ။ ကျန်းမာရေး ကိစ္စတွေရော၊ အစစ အရာရာပေါ့။ သား၊ ငါးတွေ ဆိုရင်လည်း ကိုယ်ပဲ ဝယ်စားရတာဆိုတော့ ငွေရေးကြေးရေးတွေက အခက်အခဲရှိတာပေါ့။ ရွာကို ပြန်ရောက်လို့ ရှိရင်လည်း အလုပ်တွေ အခက်အခဲရှိတာပေါ့။ အရင်လိုတော့ အလုပ်တွေ ဘယ်လိုလုပ်လို့ရတော့မလဲ။ မရတော့ဘူးလေ”
ကိုစိုးလင်းနိုင်ဟာ သူ့ရဲ့ ဇနီးနဲ့အတူ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတာပါ။
ယခင်က ရွာမှာ ကြုံရာကျပန်းအလုပ်တွေနဲ့ ရုန်းကန်ခဲ့ရတာပါ။ အခုတော့ မသန်စွမ်းဘဝနဲ့ ရှေ့ဆက်ဘယ်လိုရပ်တည်မလဲဆိုတာကို စဉ်းစားမရဖြစ်နေတယ်လို့ ကိုစိုးလင်းနိုင်က ပြောပါတယ်။
ကိုစိုးလင်းနိုင်ရဲ့ဇနီး မမိုးတင်ရွှေကလည်း ရှေ့ဆက်ရမယ့် သူတို့ရဲ့ဘဝအတွက် တွေးပူနေပါတယ်။
“သမီးက အမျိုးသားကိုပဲ မှီခိုပြီး စားသောက်နေရတာပါ။ အရင်တုန်းက သူတစ်ရက်လုပ်လို့ရတာနဲ့ တစ်ရက်စားနေရတာ။ သမီးက ထမင်းချက် ဟင်းချက်နဲ့ပဲပြုစုပြီး နေရတာ။ သူကတော့ အလုပ် လုပ်တာပေါ့။ အခုတော့ သူ ဒီလိုဖြစ်သွားတော့ စိတ်မကောင်းဖြစ်တာပေါ့။ အခုတော့ ကလေးကတော့ မရှိသေးပါဘူး။ ကလေးရှိတဲ့ အခါကျရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုစားရမလဲ အဲဒါတွေကို ညညအိပ်ရာဝင်ရင် တွေးပူမိတယ်”
သူတို့နှစ်ဦးဟာ အိမ်ထောင်ပြုပြီး နှစ်နှစ်ကျော်အကြာ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရမယ့် အချိန်မှာပဲ အခုလို ဖြစ်ရပ်နဲ့ ကြုံလာခဲ့ကြရတာပါ။
ဒါပေမဲ့ မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့ရတဲ့ အချိန်တစ်နှစ်အတွင်းမှာ သူတို့ဘဝရပ်တည်ရေးအတွက် အစိုးရဆီက အကူအညီတွေ မရကြဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့ရဲ့ အနာဂတ်အတွက် သက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးကြဖို့ စစ်တွေမြို့အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက တိုက်တွန်းပါတယ်။
“သူတို့ရဲ့အနာဂတ်အတွက်က သူတို့မှာ မသန်ပေမယ့် စွမ်းတယ်ဆိုတာမျိုးပေါ့။ သူတို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပေမယ့် သူတို့အနာဂတ်အတွက် ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ရော၊ အစိုးရအနေနဲ့ရော ပေးဖို့လိုအပ်တာပေ့ါ။ အဲဒီလိုပေးပြီဆိုရင် သူတို့မှာ တတ်ထားတဲ့ပညာရပ်နဲ့ ရင်းနှီးမြှုပ်နှံငွေတွေ၊ ရင်းနှီးမတည်ငွေတွေနဲ့ သူတို့ရဲ့မိသားစုကို ဖန်တီးမယ်ဆိုရင်လည်း မတည်ငွေတွေ ထုတ်ပေးတာမျိုးပေါ့။ အဲဒါတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်”
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခကာလက ကျန်နေခဲ့တဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်းတွေကို ရှင်းလင်းဖို့လိုသလို ဒေသခံတွေကို အသိပညာပေးတာတွေလုပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဘဝ ရောက်သွားခဲ့ရတဲ့ ကိုစိုးလင်းနိုင်ကတော့ အခြားအပြစ်မဲ့အရပ်သားတွေ သူ့လိုအဖြစ်မျိုး ထပ်မကြုံရအောင် ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ကို လိုလားနေပါတယ်။
“တိုက်ပွဲဖြစ်တာကတော့ မကောင်းဘူးပေါ့။ ပြည်သူတွေလည်း အကုန်လုံး ဒုက္ခရောက်တာပေါ့။ လုပ်စားကိုင်စားဖို့ တောင်ပေါ်ကိုလည်း တက်လို့မရတော့ဘူး။ မိုင်းတွေကို ကြောက်နေရတယ်။ အခုက နယ်မြေအေးချမ်းနေပေမယ့် ဘယ်သူမှ တောင်ကို မတက်ရဲဘူးလေ။ ဖြစ်စေချင်ကတော့ တိုက်ပွဲမဖြစ်တာ အကောင်းဆုံးပါပဲ။ ဒါမှ ပြည်သူတွေလည်း လွတ်လွတ်လပ်လပ် ရှာစားလို့ရမှာပေါ့”
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေစပြီး အချိန် နှစ်နှစ်ကျော်အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
အခုလက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေ ရပ်စဲနေပေမယ့် မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း အန္တရာယ်ကတော့ ဒေသခံတွေကို ဒီနေ့အထိ ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။
ရခိုင်စစ်ရေး နောက်ဆက်တွဲ အခြေအနေတွေကို လေ့လာသုတေသနပြုနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ကတော့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၂၂ ဖေဖော်ဝါရီလ အထိ ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၂၉ ဦးနဲ့ သေဆုံးသူ ၅၃ ဦးရှိခဲ့တယ်လို့ REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ကိုယ်လက်အင်္ဂါတွေပါ ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။