By Boder News Agency (BNA) / 2022 March 26
ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်ထဲသို့ အာကာသမှ Spaceflight များ ထပ်မံကျရောက်မယ်လို့ သက်ဆိုင်ရာက သတိပေးစာ ထုတ်ပြန်ပါတယ်။
အဲဒီ အာကာသက အပိုင်းအစတွေဟာ ဧပြီ ၇ ရက်ကနေ ၁၃ ရက်အတွင်း နံနက် ၅ နာရီခွဲကနေ ၉ နာရီခွဲအချိန်အတွင်းမှာ ကျရောက်နိုင်တယ်လို့ သတိပေးစာမှာ ဖော်ပြထားပါတယ်။
Spaceflight အပိုင်းအစတွေ ကျရောက်မယ့်နေရာကတော့ မာန်အောင်လေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်၊ သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၄ မိုင်ခန့်၊ ပုသိမ်လေဆိပ်ရဲ့ အနောက် မြောက်ဘက် ရေမိုင် ၆၅ မိုင်ခန့်အကွာမှာ ဖြစ်ပါတယ်။
အာကာသမှ Spaceflight အပိုင်းအစတွေ ကျမယ့်နေရာဟာ လူနေကုန်းမြေဖြစ်တဲ့ သံတွဲလေဆိပ်နဲ့ ၃၄ မိုင်သာ ကွာဝေးပါတယ်။ အဲဒီလို Spaceflight အပိုင်းအစတွေ ကျရောက်မှာဖြစ်လို့ ရေယာဉ်တွေ ဖြတ်သန်း မသွားလာဖို့ သတိပေးစာမှာ ရေးသားထားပါတယ်။
ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်ထဲကို အာကာသက အမှိုက်တွေ စွန့်ပစ်တာဟာ အခုတစ်ကြိမ်ဆိုရင် ၄ ကြိမ်ဖြစ်ပါပြီ။
ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ် အပိုင်းအစတွေ ပထမဆုံးအကြိမ် စွန့်ပစ်ခဲ့တဲ့အချိန်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကဖြစ်ပြီးတော့ ဒုတိယအကြိမ် စွန့်ပစ်ခဲ့တဲ့အချိန်ကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ ကဖြစ်ပါတယ်။
တတိယအကြိမ် စွန့်ပစ်ခဲ့တဲ့အချိန်ကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်က ဖြစ်ပြီးတော့ နှစ်လကျော်အကြာမှာ စတုတ္ထအကြိမ် ထပ်မံစွန့်ပစ်မှာဖြစ်ပါတယ်။
အာကာသက စွန့်ပစ်နေတဲ့ အမှိုက်တွေကြောင့် ရေအောက်သယံဇာတွေ များစွာထိခိုက်နိုင်ပြီး သန္တာကျောက်တန်းတွေ၊ သားငါးပုစွန်တွေ၊ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ရေနေသတ္တဝါမျိုးစိတ်တွေကို ထိခိုက်နိုင်တယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဉက္ကဌ ကိုသန်းလှက ပြောပါတယ်။ အဲဒီအာကာသအမှိုက်မှာ ဓာတုပစ္စည်းတွေ ပါလာတာကြောင့် ရေသယံဇာတအတွက် အများကြီးထိခိုက်မှာဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=156088346833480&id=107469705028678