By Voice Of Westland (VOW)/ 2022 March 11
အဥ္ဇနခင်

နိုင်ငံရေးအခြေအနေအရ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ထောင်ပြီး ရခိုင်ပြည်သူ လူထုအတွက် ရပ်တည်ပေးသွားမယ်လို့ ဒီကနေ့လွတ်မြောက်လာတဲ့ ကျောင်းသားလူငယ်တွေကပြောဆိုလိုက်ပါတယ်။
“လက်ရှိနိုင်ငံရေးအခြေအနေကြောင့်ပေါ့နော်။ ကျွန်တော်တို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကိုပြန်လည်ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ ကိုယ့်အင်အားကိုကိုယ်တည်ဆောက်သွားမယ်။ ရှေ့ဆက်ပြီးတော့ ရခိုင်ကျောင်းသူကျောင်းသားတွေနဲ့ ရက္ခိုင်ပြည်သူတွေအတွက်ဘယ်လောက်ထိ လုပ်ဆောင်သွားနိုင်မလဲဆို ကျွန်တော်တို့ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာပါ”လို့ ပြန်လည်လွတ်မြောက်လာခဲ့သူတွေထဲက ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောပါတယ်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊တွဲဖက်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊အဖွဲ့ဝင် ကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်းတို့ လေးဦးဟာ မြန်မာစစ်တပ်
နဲ့ ပြည်နယ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက်နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ဘေးစီမံဥပဒေပုဒ်မ ၂၉ နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ကျောင်းသားလူငယ်လေးဦးဟာ၂၀၂၀ ခုနှစ်အောက်တိုဘာလ ၁၉ ရက်နေ့က ကျောင်းသား လူငယ် ၅၀ ဦးတို့ကိုဦးဆောင်ပြီး စစ်တွေမြို့၊ဝင်္ကဘာကွင်းကနေလမ်းလျှောက်ဆန္ဒပြလာခဲ့ပြီး အမှတ် (၁) ရဲစခန်းအနီး ထိုင်သပိတ်ပြုလုပ်နေချိန် ရဲတပ်ဖွဲ့ရဲ အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရကာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
အဲဒီဆန္ဒပြပွဲမှာ”ကိုလိုနီအစိုးရ အလိုမရှိ၊နယ်ချဲ့စစ်တပ် အလိုမရှိ၊ No Bloody Government, No Muder Army၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out၊ ရခိုင်သည် ကျွန်မဟုတ်” ဆိုတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
NLD အစိုးရလက်ထက် ရခိုင်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက်မြန်မာစစ်တပ်နဲ့ ရခိုင်ပြည်နယ်အစိုးရကို ဆန္ဒပြတွန်းလှန်ခဲ့တဲ့
သူတို့လေးဦးကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင် က စစ်တွေမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ဘေးစီမံဥပဒေပုဒ်မ (၂၉)နဲ့ ဦးတိုက်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တရားစွဲဆိုခံရပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စစ်တွေမြို့နယ်တရားရုံးက ကျောင်းသားခေါင်းဆောင်လေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)
အတွက် ထောင်ဒဏ် (၂)နှစ်၊ဘေးစီမံဥပဒေပုဒ်မ (၂၉)အတွက် ထောင်ဒဏ် (၆) လ ချမှတ်ခဲ့ပါတယ်။
အမိန့်ချမှတ်ခံရပြီးနောက်မှာ စစ်တွေခရိုင်တရားရုံးကိုအယူခံတင်သွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ခရိုင်တရားရုံးက အယူခံပယ်ဖျက်ခံရတဲ့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကိုပြင်ဆင်မှုတင်သွင်းခဲ့ရာ ဘေးစီမံဥပဒေပုဒ်မအတွက် မူလပြစ်ဒဏ် (၆)လနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု
၅၀၅(ခ)အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခဲ့ပါတယ်။ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ကျောင်းသားလူငယ်လေးဦးဟာ ဒီကနေ့ မတ်လ ၁၀ရက်နေ့ မနက် ၆ နာရီကျော်မှာ စစ်တွေအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။
“ပြန်လွတ်လာတဲ့အတွက် ကျွန်တော်တို့ဝမ်းသာပါတယ်။ကျွန်တော်တို့ကို ဝန်းရံပေးတဲ့ ကျောင်းသူကျောင်းသားတွေ၊ပြည်သူတွေကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”လို့ လွတ်မြောက်လာသူရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တွဲဘက်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရခိုင်လူထုအတွက်ရပ်တည်ပေးလို့ ထောင်ဒဏ်ကျခံရတဲ့အပေါ်ဂုဏ်ယူတယ်လို့ ကိုကျော်နိုင်ဌေးက ပြောဆိုလိုက်ပါတယ်။