ယာယီနေရာချထားတဲ့ စစ်တွေအာကျိတ်တော်ကုန်းက ကျူးကျော်မိသားစုတချို့ မွေးရပ်မြေသို့ပြန်

By Boder News Agency (BNA) / 2022 March  28

ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်တွင် ယာယီနေရာချပေးထားသော စစ်တွေမြို့ အာကျိတ်တော်ကုန်းက ကျူးမိသားစုများ/BNA

မတ်လအစောပိုင်းက စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ထွေ/အုပ် ဝန်ထမ်းတွေ ဖြိုခွင်းဖယ်ရှားခဲ့လို့ စစ်တွေမြို့ အာကျိတ်တော်ကုန်း ကျူးကျော်မြေမှ ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာအနီး မြေကွက်လပ်မှာ ယာယီနေရာချပေးထားတဲ့ မိသားစု ၃၀၀ ကျော်ထဲက အိမ်ထောင်စု ၁၃ စုဟာ မတ်လ ၂၆ ရက်က မွေးရပ်မြေကို ပြန်သွားကြပါတယ်။

အဲဒီမိသားစုတွေကို မတ်လ ၂၄ ရက်က ရိုက်ဒါဖောင်ဒေးရှင်းအကူညီနဲ့  ပြောင်းရွေ့နေရာချထားခဲ့တာဖြစ်ပြီးတော့ နေစရာအိမ်မရှိသေးတာကြောင့် မြေပြင်ပေါ်မှာအိပ်နေရတယ်လို့  မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“အိပ်တာရော စားတာရော မြေပြင်ပေါ်မှာပဲ။ တချို့မှာတော့ စစ်တွေက တာပေါ်လင်တွေပါကြလို့ အဲဒါတွေနဲ့ ဖြစ်သလိုနေကြတယ်။ ရေကလုံးဝရှာမရဘူး။ အရမ်းအခက်ခဲဖြစ်နေတယ် ” လို့ ၎င်းက ပြောပါတယ်။

အခုလို ပူပြင်းတဲ့ရာသီမှာ အမိုးအကာမရှိသေးတာနဲ့ ရေရှားပါးတာတွေကြောင့် ကလေးတွေကျန်းမာရေး ထိခိုက်နိုင်သလို စားနပ်ရိက္ခာအတွက်လည်း ပူပင်နေရပြီး အပြင်ထွက်လို့ အလုပ်လုပ်ဖို့အတွက်လည်း မြို့ပေါ်နဲ့ ဝေးတာကြောင့် အဆင်မပြေကြသေးဘူးလို့ အမျိုးသမီးတစ်ဦး ကပြောပါတယ်။

“ကျွန်တော်တို့ တောထဲလို နေရာမျိုးမှာ နေရတာပါ။  အဲဒါကြောင့် ရေအခက်ခဲရှိတယ်။ သောက်ရေရော သုံးရေရော ရှာမရဘူး။ ရေနည်းနည်းရဖို့ အဝေးကြီးကို သွားခပ်ရတယ်။ အဲဒီလိုအဝေးကြီးသွားတာတောင် ရေသိပ်မရဘူး” လို့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြန်သွားတဲ့ အိမ်ထောင်စု ၁၃ စုစီကို ငွေကျပ် တစ် သိန်းစီနဲ့ ဆန်တစ်တောင်းစီပေးခဲ့ပြီး လက်ရှိမှာ လူဦးရေ ၃၀၀ ကျော်နဲ့ အိမ်ထောင်စု ၈၄စု ရှိနေတယ်လို့ ရိုက်ဒါဖောင်ဒေးရှင်းက ကိုရိုက်ဒါက ပြောပါတယ်။

“သူတို့အတွက် နေဖို့အိမ်ဆောက်ပေးဖို့လုပ်နေပါတယ်။ လောလောဆယ် ဝယ်ထားတဲ့ ဆန်တွေကိုတော့ မထုတ်ပေးသေးဘဲ လှောင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ စစ်တွေမှာတုန်းက လှူထားတာတွေနဲ့စားနေကြပါတယ်။” လို့ သူကပြောပါတယ်။

နေအိမ်တွေဆောက်လုပ်ပေးဖို့အတွက် သွပ်အမိုးအပါအဝင် ဝါးနဲ့ တခြားလိုအပ်တဲ့ပစ္စည်း စုစုပေါင်း သိန်း ၃၀၀ ကျော်ဖိုးဝယ်ထားပြီး စားရိက္ခာအတွက် သိန်း ၁၀၀ ကျော် ဝယ်ထားပြီးပြီလို့လည်း သူကဆက်ပြောပါတယ်။

အဲဒီနေအိမ်ဖယ်ရှားခံရသူတွေဟာ အရင်က စစ်တွေမြို့ အာကျိတ်တော်ကုန်းက သုသာန်မြေနေရာအနီးမှာ နေထိုင်ခဲ့ကြတာဖြစ်ပြီး မတ္လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ရဲတပ်ဖွဲ့တွေနဲ့ ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခဲ့တာကြောင့် အခုလို အိုးအိမ်မဲ့ဘဝကို ရောက်ရှိနေကြတာပါ။

https://www.facebook.com/permalink.php?story_fbid=156334390142209&id=107469705028678

Leave a Reply

Your email address will not be published.