မွတ်ဆလင်များအပေါ် မြန်မာစစ်တပ်အကြမ်းဖက်မှု “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် အမေရိကန် သတ်မှတ်မည်

By Development Media Group (DMG)/ 2022 March 23

ဓာတ်ပုံ – AFP

မြန်မာစစ်တပ်က မွတ်ဆလင်လူနည်းစုများအပေါ် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်ကြောင်း သမ္မတဘိုင်ဒန် အစိုးရအဖွဲ့က တရားဝင် ဆုံးဖြတ်လိုက်သည်ဟု အမေရိကန်အာဏာပိုင်များထံမှ သိရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဝါရှင်တန်ရှိ အမေရိကန် ဟိုလိုကော့စ်အထိမ်းအမှတ် ပြတိုက်၌ တနင်္လာနေ့တွင် တရားဝင်ကြေညာမည်ဟု သတင်းတွင် ဖော်ပြသည်။ အဆိုပါပြတိုက်တွင် မွတ်ဆလင်များရင်ဆိုင်နေရသည့် အတိဒုက္ခများနှင့် ပတ်သက်၍ ပြပွဲတစ်ရပ် ကျင်းပလျက်ရှိသည်။

သမ္မတဘိုင်ဒန် အစိုးရအဖွဲ့ တာဝန်များရယူပြီး ၁၄ လနီးပါး အကြာ၌ ယခုကဲ့သို့ ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ရပ်များကြောင့် မွတ်ဆလင် ၇၃၀၀၀၀ ထက်မနည်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

စစ်တပ်၏ နယ်မြေရှင်းလင်းရေးတွင် မွတ်ဆလင်များသည် သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုနှင့် မီးရှို့ခံရမှုများ ရင်ဆိုင်ခဲ့ရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

အမေရိကန်အာဏာပိုင်များနှင့် ဥပဒေပိုင်းဆိုင်ရာ အဖွဲ့အစည်းများသည် သက်သေအချက်အလက်များ စုဆောင်းကာ အဆိုပါဖြစ်စဉ်၏ အရေးကြီးမှုကို အသိအမှတ်ပြုရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဆုံးဖြတ်ချက်ချရန် ငြင်းဆန်ခဲ့သည်။

ဘလင်ကန်သည် သီးသန့် “တရားဝင် အချက်အလက်စိစစ်ရေး” ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ရိုက်တာသို့ ဖြေကြားသည်။

အဆိုပါ လေ့လာစိစစ်ချက်များအရ မြန်မာစစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကောက်ချက်ချခဲ့ပြီး ယခုကဲ့သို့ တရားဝင် သတ်မှတ်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိလာအောင် ဖိအားပေးနိုင်မည်ဟု ဝါရှင်တန်က မျှော်လင့်ထားသည်။

https://www.facebook.com/dmgnewsagency/posts/2252779791541086

Leave a Reply

Your email address will not be published.