မာန်အောင် လေယာဉ်ကွင်းတိုးချဲ့မြေပြဿနာ နေအိမ် ၂ လုံးအတွက် အဓိဋ္ဌာန်ဆရာတော်မှ ငွေကျပ်သိန်း ၈၀၀ ပေးမည်

By Western News/ 2022 March 03

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ စမုံတဲအုပ်စု မြတ်မချောင်းကျေးရွာမှ ဦးဖြူသီးခိုင်နှင့် ဦးသာနီနေအိမ် ၂ လုံးမှာ လေယာဉ်ကွင်းတိုးချဲ့မြေထဲပါဝင်နေ၍  ပြည်နယ်ကောင်စီပိုင်းမှ နေအိမ်ဖယ်ပေးရန်ပြောဆိုပြီး နစ်နာကြေးပေးရာ ၎င်းတို့ထံမှပေးသည့်နစ်နာကြေးမှာ ကာလတန်ဖိုးနှင့် နည်းလွန်းသည့်အတွက် ကာယကံရှင်များဘက်မှ နေအိမ်ဖယ်ပေးရန် ငြင်းဆန်ထားသည်။

အဆိုပါနေအိမ် ၂ လုံးအတွက် ပြည်နယ်ကောင်စီဖက်မှာ ပေးသည့်နစ်နာကြေးမှာ ဦးဖြူသီးခိုင်နေအိမ်အတွက် ၅၁ သိန်း၊ ဦးသာနီ နေအိမ်အတွက် ကျပ်သိန်း ၁၁၀ ဖြစ်သည်။

ပြည်နယ်ကောင်စီမှပေးသည့် အဆိုပါနစ်နာကြေးငွေပမာဏမှာ ကာလတန်ဖိုးနှင့်ယှဉ်ရင် နောက်ထပ်အိမ်ခြံမြေကွက်တစ်ခုပင်ရနိုင်ခြေမရှိသည့်အတွက် နေအိမ်ဖယ်ပေးရန်မဖြစ်နိုင်ကြောင်း ကာယကံရှင်နေအိမ်ပိုင်ရှင်များမှ ပြောသည်။

ထိုသို့နစ်နာကြေးအဆင်မပြေသည့်အတွက် လေယာဉ်ကွင်းတိုးချဲ့မြေအတွက် နေအိမ်များဖယ်မပေးနိုင်ဖြစ်နေရာ နေအိမ်ပိုင်ရှင် ၂ ဦးအား မာန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာနမှ အတွင်းရေးမှူး ဦးအောင်မြင့်သိန်းက တရားလိုလုပ်ကာ လယ်ယာမြေ ဥပဒေပုဒ်မ ၃၆ နှင့် တရားစွဲဆိုထားပြီး လက်ရှိတွင် အိမ်ပိုင်ရှင်များမှာ အမှုရင်ဆိုင်နေကြရသည်။

လက်ရှိတွင် ၎င်းအမှုအား မြို့နယ်တရားရုံးမှ စွဲချက်တင်တင်ထားမှုနှင့် ပတ်သက်၍ တရားခံဖက်မှ ခရိုင်တရားရုံးသို့ပြင်ဆင်ချက်တင်သွင်းထားကာ လာမည့် အပတ်ထဲတွင် ရုံးချိန်းချိန်းဆိုထားသည်ဟု အဆိုပါနေအိမ်အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဖြိုး ကပြောသည်။

“ရုံးချိန်းတွေကတော့ တော်တော်ချိန်းပြီးသွားပါပြီ။ တရားခံဖက်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားတာကို ကျောက်ဖြူခရိုင်တရားရုံးကို ပြင်ဆင်ချက်တင်သွင်းထာတယ်။ လာမယ့်အပတ်ထဲမှာတော့ ရုံးချိန်းချိန်းထားသေးတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့မှာ နေအိမ်ဖယ်ရှားမပေးသည့်အတွက် လယ်ယာမြေဥပဒေပုဒ်မ ၃၅ နှင့်တရားစွဲခံခဲ့ရပြီး ၎င်းအမှုအတွက် ထောင်ဒဏ် ၇ လကျခံခဲ့ရမှုလည်း ရှိခဲ့သည်။

ယမန်နေ့ မတ် ၂ ရက်နေ့ကမူ နေအိမ်ပိုင်ရှင်များနှင့် ဌာနဆိုင်ရာများဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြပြီး ၎င်းဆွေးနွေးမှုတွင်နေအိမ်ပိုင်ရှင်များနစ်နာကြေးအတွက် အဓိဋ္ဌာန်ဆရာတော်မှ ကျပ်ငွေ သိန်း ၈၀၀ ထောက်ပံ့ကူညီမည်ဟုပြောကြောင်း နေအိမ်ပိုင်ရှင် ဦးဖြူသီးခိုင်က ပြောသည်။

“မနေ့က နဝတ အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေးကြတယ်။ အဲ့ဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးပိုင်း၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ကြံ့ခိုင်ရေးခေတ်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေပါတယ်။ အဲ့ဒီမှာ အဓိဋ္ဌာန်ဆရာတော်က ကျနော်တို့အတွက် ကျပ်ငွေ သိန်း ၈၀၀ ပေးမယ်ဆိုတာသိရတယ်။ အဲ့လိုပေးမှာကို ကျနော်တို့လက်ခံလိုက်ပါတယ်။ ကျနော်တို့ဒီလိုလက်ခံတဲ့အတွက် စွဲထားတဲ့အမှုကို ရုပ်သိမ်းပေးဖို့ပြောတော့ ကိစ္စတွေအားလုံးပြီးမှ ရုပ်သိမ်းပေးမယ်လို့ပြောတယ်” ဟုပြောသည်။

မာန်အောင်မြို့နယ်ရှိ လေယာဉ်ကွင်းတိုးချဲ့ဧရိယာတွင်း ပါဝင်နေသည့် အဆိုပါနေအိမ် ၂ လုံးအတွက် နစ်နာကြေးရရှိမှုနည်းပါးနေသည့် အခက်ခဲလည်း အဆင်ပြေစေရန်နှင့် လေယာဉ်ကွင်းဆောက်လုပ်ရန်လည်းအဆင်ပြေစေရန် ၎င်းအိမ် ၂ လုံးအားဝယ်ယူရန် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အဓိဋ္ဌာန်ဆရာတော်မှ Western News ကိုမိန့်သည်။

“အခုဖြစ်နေတဲ့အခက်အခဲတွေအဆင်ပြေစေချင်လို့ အဲ့ဒီနေအိမ် ၂ လုံးကို ဝယ်ယူဖို့လုပ်လိုက်တာပါ။ သက်ဆိုင်ရာတွေနဲ့တော့ ပြောဆိုထားတာတွေတော့လုပ်ထားတယ်။ အဓိကကတော့ နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေ ပတ်ဝန်းကျင်လည်းအဆင်ပြေစေချင်တာပါ။ ဒီဖက်မှာတော့ နည်းနည်းအခက်ခဲဖြစ်သွားတာပေါ့လေ” ဟုပြောသည်။

လက်ရှိတွင် စစ်တွေမြို့ အဓိဋ္ဌာန်ဆရာတော်မှ  ဦးဖြူသီးခိုင်နေအိမ်အတွက် သိန်း ၃၀၀ ကျပ်နှင့် ဦးသာနီအောင်အတွက် ကျပ်သိန်း ၅၀၀ ပေးမည်ဖြစ်ပြီး ၎င်းနေအိမ် ၂ လုံးအတွက် စုစုပေါင်း ကျပ်သိန်း ၈၀၀ ပေး၍ နှစ်ဖက်အဆင်ပြေစေရန် ထောက်ပံ့ကူညီမည်ဖြစ်သည်ဟု သိရသည်။

https://www.facebook.com/westernnewsagency/posts/476133517526491

Leave a Reply

Your email address will not be published.