By Narinjara / 2022 March 11
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှုကို တစ်ပတ်အတွင်း အမှုမှန်မဖော်ထုတ်နိုင်ပါက နေပြည်တော်ရှိ ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးထံသို့ သွားရောက်တိုင်ကြားမည်ဟု မိသားစုဝင်များက ပြောသည်။
မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးသွားမှုမှာ လက်ရှိတွင် တစ်လကျော်နေပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် ယနေ့ မတ်လ ၁၁ ရက်မှစတင်ကာ တစ်ပတ်အတွင်း အမှုမှန်မဖော်ထုတ်နိုင်ပါက ယခုကဲ့သို့ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်တိုင်ကြားရန်စီစဉ်ထားခြင်းဖြစ်သည်ဟု သေဆုံးသူ၏ဆွေမျိုးတော်စပ်သည့် မာန်အောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောသည်။
“ဒီကိစ္စက တစ်လကျော်ကြာပြီ။ ထူးခြားမှုမရှိဘူး။ သံသယရှိတဲ့လူဆိုပြီး ရဲတွေကစစ်ဆေးတာ ရဲတွေစစ်ဆေးတဲ့ပုံနဲ့မတူဘူး။ ဒါကြောင့် ဒီကိစ္စကို ဒီတစ်ပတ်အတွင်း မဖော်ထုတ်နိုင်ရင် အထက်ကိုထိတိုင်မယ်”ဟုပြောသည်။
လက်ရှိတွင် သေဆုံးသူနှင့်အနီးစပ်ဆုံးနေထိုင်ခဲ့သည့် သံသယရှိသူ ၂ ဦးကို ရမန်ယူပြီးစစ်ဆေးနေသည်ဟု ဦးကျော်သန်းက ဆက်ပြောသည်။
သေဆုံးသူမှာ မာန်အောင်ဟိုတယ်ဇုန်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ စားဖိုးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မာန်အောင်မြို့နယ်၊ ကုန်းခြင်းကျေးရွာမှ ကိုမင်းထက်ဝေ(၂၁ နှစ်)ဖြစ်သည်။
သူသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက် ညဉ့် ၂ နာရီက သူအလုပ်လုပ်နေသည့် ဟိုတယ်ဇုန်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သူသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို စစ်ဆေးနေဆဲဖြစ်ပြီး အမှုမှန်မပေါ်ပေါက်သေးဟု ဆားချက်တိုက်နယ် ဒုရဲအုပ် နေလင်းထွန်းက နိရ ဉ္စရာကိုပြောသည်။
“ကျနော်တို့က သံသယရှိတဲ့လူတွေကိုတော့ စစ်ဆေးနေပါတယ်။ ဘယ်နှစ်ယောက်စစ်ဆေးနေလဲဆိုတာကို ကျနော်တို့အနေနဲ့ ပြောပြလို့မရပါဘူး”ဟုု ပြောသည်။
ဟိုတယ်ဇုန်ကို မာန်အောင်မြို့နယ်၊ ကအီးကျေးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားတွင် မာန်အောင်အများပိုင်ကုမ္ပဏီက ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်စတင်တည်ဆောက်ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့မှုကြောင့် မာန်အောင်ဟိုတယ်ဇုန်ကို ယာယီပိတ်ထားရကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/5287127287965972