မာန်အောင်တွင် နွားမှောင်ခိုစက်လှေတစ်စီးကို ပိုင်ရှင်များနှင့်အတူဖမ်းမိ

By Development Media Group (DMG)/ 2022 March 18

မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ သစ်ဝချောင်းအတွင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ပို့ဆောင်မည့် နွားတင်စက်လှေတစ်စီးကို မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

ဖမ်းဆီးရမိသောစက်လှေမှာ ရတနာထွန်းအမည်ရှိစက်လှေဖြစ်ပြီး ယင်းစက်လှေအတွင်း တင်ဆောင်ထားသည့် နွားအကောင်ရေ ၅၈ ကောင်နှင့်အတူ နွားပိုင်ရှင်၊ စက်လှေပိုင်ရှင်တို့နှင့် လုပ်သားစုစုပေါင်း ၁၈ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

“အခုသူတို့ကိုအမှုဖွင့်ပြီး ချုပ်ရမန်ယူထားတယ်။ ဖမ်းမိတာက စက်လှေတစ်စီး နွားအကောင်ရေ ၅၈ ကောင်၊ နွားပိုင်ရှင် ၄ ဦး စက်လှေပိုင်ရှင် ၁ ဦး စက်လှေလုပ်သား ၁၀ ဦး နွားကျောင်းသား ၂ ဦးပါတယ်။ အခုသူတို့ကို မာန်အောင်မြို့အချုပ်ခန်းမှာ ထားထားတယ်”ဟု ၎င်းကပြောသည်။

နွားပိုင်ရှင်အားစစ်ဆေးချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်နွားတင်ပို့ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟုထွက်ဆိုထားသဖြင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ အရ အမှုဖွင့်လှစ်ထားကြောင်း ၎င်းရဲအရာရှိက ဆက်လက်ပြောဆိုသည်။

လက်ရှိ မာန်အောင်မြို့နယ်အတွင်း နွားတစ်ကောင်လျှင် ကာလပေါက်စျေး ငွေကျပ်လေးသိန်းဝန်းကျင်ရှိပြီး ယခုဖမ်းဆီးရမိထားသောနွားတန်ဖိုးမှာ (၂၄၉၀၀၀၀၀)ခန့်တန်ဖိုးရှိကြောင်း ရဲစခန်းမှသိရသည်။

မာန်အောင်မြို့နယ်အတွင်း တရားမဝင်နွားတင်ပို့မှုကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2249214428564289

Leave a Reply

Your email address will not be published.