မင်းပြားမြို့နယ်တွင် စီးပွားဖြစ် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်မှုကြောင့် လမ်းများ ပျက်စီးလာနေ

By Western News/ 2022 March 13

ဓာတ်ပုံ- မင်းပြားမြို့ သမိုင်းဝင် ကျိန်းတောင်တန်းတစ်လျှောက် ကျောက်ထုတ်လုပ်မှုမြင်ကွင်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စီးပွားဖြစ် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်မှုများကြောင့် လူများသွားလာနေကြသည့် ကားလမ်းများပျက်စီးမှုများ အခြေနေသို့ ရောက်ရှိနေသည်ဟု မင်းပြားမြို့နယ် ဒေသခံများကပြောသည်။

မင်းပြားမြို့ရှိ သမိုင်းဝင် စေတီဘုရားများတည်ရှိရာမင်းပြားကျိန်းတောင်နှင့် မင်းပြား- မြေပုံကားလမ်းရှိ သစ်ပုတ်တောင် ကျေးရွာအနီးများတွင် အများဆုံးစီးပွါးဖြစ်ကျောက်ထုတ်လုပ်နေကြဟု မင်းပြားဒေသခံများကပြောသည်။

ကျောက်ထုတ်လုပ်မှုများ ရှိနေသော်လည်း နှစ်ဖက်အာဏာပိုင်များအနေဖြင့်လည်း  ယင်းကဲ့သို့လုပ်ဆောင်နေမှုအားထိန်းသိမ်းစေချင်သည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးလှသိန်းအောင်က Western News ကိုပြောသည်။

“မင်းပြားမြို့နယ်မှာ လမ်းဘေးနဲ့ လမ်းဧရိယာအတွင်းမှာကို စီးပွားဖြစ်ကျောက်အကြီးအကျယ်ထုတ်လုပ်နေတာက အများကြီးပဲ။ မင်းပြား-မြေပုံ ကားလမ်းမှာရှိတဲ့ သစ်ပုတ်တောင် ကျေးရွာနားတွေဆိုရင် ကားလမ်းနဲ့ ဆယ်ပေတောင်မကွာတဲ့အထိရောက်နေကြပြီ။ မင်းပြားမြို့ပေါ်မှာလည်း ကျိန်းတောင်တန်းပေါ်မှာ ကျောက်ထုတ်လုပ်မှုတွေအများကြီး ရှိတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ နှစ်ဘက်စလုံးကို မင်းပြားကျိန်းတောင်လို သမိုင်းဝင်တောင်တန်းတွေနဲ့ ကားလမ်းဘေးနား လမ်းဧရိယာတွေမှာ စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်မှုတွေကို ထိန်းသိမ်းမှုတွေပြုလုပ်စေချင်တယ်”ဟုပြောသည်။

အဆိုပါ ကျောက်ထုတ်လုပ်ငန်းများသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်နေခြင်းဖြစ်ပြီး ကျောက်ထုတ်လုပ်သူများတွင် ကျေးရွာသားများပါသလို မြို့ပေါ်မှ ကျောက်လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သူများလည်း ပါဝင်သည်ဟု ဒေသခံများကပြောသည်။

မင်းပြားမြို့နယ် သစ်ပုတ်တောင်ကျေးရွာအနီးနှင့် တောင်ရှည်ပြင် အနီးတွင်ကျောက်ထုတ်လုပ်မှုအဆိုးဝါးဆုံးဖြစ်ပြီး ထိန်းသိမ်းမှုမရှိလျှင် ဂေဟစနစ်တွေ ပျက်စီလာနိုင်သည်ဟု မင်းပြားမြို့ ပြည်တော်လှရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက Western News ကိုပြောသည်။

“ မင်းပြားမြို့နယ်မှာ ကျောက်ထုတ်လုပ်မှုတွေဆိုးရွားလာတာတွေရှိတယ်။ အဓိက သစ်ပုတ်တောင်ကျေးရွာအနီးနဲ့ တောင်ရှည်ပြင် ကျေးရွာအနီးတွေမှာ ထုတ်လုပ်ကြတာဖြစ်တယ်။ တောင်တွေ၊ လမ်းဘေးဧရိယာတွေက ကျောက်တွေထုတ်လုပ်နေကြတော့ သဘာဝပတ်ဝန်ကျင် ဂေဟစနစ်တွေနဲ့ လမ်းတွေပျက်စီးမှုတွေ ရှိလာနိုင်တယ်။ အရင်တုန်းကတော့ အာဏာပိုင်တွေက ဟန့်တားတာတွေရှိတယ်။ အခုတော့ ဘယ်လို စနစ်နဲ့ထုတ်ကြတယ်ဆိုတာမသိဘူး”ဟုပြောသည်။

ကျောက်ထုတ်လုပ်မှုတွေက လမ်းပျက်စီးမှုအတွက် ဆိုးရွားမှုတွေရှိနေပြီး ကျေးရွာတာဝန်သူများက ဟန့်တားလျှင်လည်း ကျောက်ထုတ်လုပ်မှုများက အာဏာပိုင်တွေနှင့် ချဉ်းကပ်လုပ်ကိုင်မှုတွေရှိနေသည်ဟု သစ်ပုတ်တောင် ကျေးရွာသားတစ်ဦး Western News ကိုပြောသည်။

“ ကျွန်တော်တို့ သစ်ပုတ်တောင်ကျေးရွာအနီးမှာ ကျောက်ထုတ်လုပ်မှုတွေက တော်တော်လည်းကို ဆိုးရွားလာတာ။ ကားလမ်းနဲ့ ဆိုရင် ၅ ပေလောက်တောင် မကွာတဲ့ အခြေနေတွေအထိဖြစ်လာကြပြီး။ ကျေးရွာ တာဝန်ရှိသူတွေကဟန့်တားရင် သူတို့က အာဏာပိုင်တွေနဲ့ ချဉ်ကပ်ပြီး လုပ်ကိုင်ကြတာဖြစ်တယ်။ ဒီဘက်က ဟန်တားရင် ထိုဖက်အဖွဲ့နဲ့ ချဉ်းကပ်ပြီးလုပ်ကြတယ်။ ပြည်သူအာဏာပိုင်တွေကလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေလုပ်ဆောင်နေကြတော့ ဒီကိစ္စတွေအပေါ်ထိထိရောက်ရောက်ဟန့်ထားမှုတွေ မရှိကြသေးဘူး။ ဒီအတိုင်းသာ ဆက်ပြီး လုပ်ကိုင်နေကြရင် လမ်းတွေကကျိုးသွားနိုင်တဲ့ အခြေနေထိရောက်သွားနိုင်တယ်”ဟုပြောသည်။

မင်းပြားမြို့နယ်တွင် စီးပွားဖြစ် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်မှုတွေကြောင့် ဒေသခံများ ဝေဖန်မှုတွေမြင့်တက်လျှက်ရှိကြသည်။ မင်းပြားမြို့နယ်မှ ထုတ်လုပ်လိုက်သည့် ကျောက်များကို လမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများသို့ ရောင်းချကြသည်ဟု ဒေသခံများကပြောသည်။

https://www.facebook.com/westernnewsagency/posts/482356370237539

Leave a Reply

Your email address will not be published.