By Western News/ 2022 March 17

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအနီး ချောင်းကမ်းပါးတွင် မတ် ၁၆ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်တွင် ရှေးဟောင်းပစ္စည်းဟုယူဆရသည့် တစ်ခု တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါပစ္စည်းကို တွေ့ရှိခဲ့သူမှာ ကျေးရွာသား ဦးကျော်သာဖြစ်ပြီး ၎င်းမှာချောင်းထဲ၌ ပိုက်ကွန်ဖြင့် ငါးရှာနေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းတန်က Western News ကို ပြောသည်။
“မနေ့တော့ နေဝင်သွားလို့ အဲဒီပစ္စည်းကို နေရာ မပြောင်းလိုက်ရဘူး။ ဒီနေ့ ၈နာရီလောက်မှာတော့ ဘုန်းကြီးကျောင်းကို ပြောင်းလိုက်ပြီ။ ဘယ်လိုပစ္စည်း ဆိုတာကိုတော့ ကျွန်တော်တို့သေချာ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ ဂိုဏ်ချုပ်ဆရာ တော်ကြီးကို ပင့်ထားတယ်။ ဆရာတော်ရောက်မှဘဲ သေသေချာချာပြောနိုင်မယ်။ ဘယ်လိုလုပ်သွား မလဲဆိုတာကိုလည်း ပြောနိုင်မယ်”ဟု ဆိုသည်။
ယင်းပစ္စည်းမှာ အမြင့် ၃ ပေခန့်ရှိပြီး ကိုယ်ထည် တစ်ခုလုံးကို ကျောက်ဖြင့်ပြုလုပ်ထားကာ ပန်းပုံသဏ္ဍာန်ပုံစဉ်များထွင်းကာ ပါရှိသည်ဟု ဇိုင်ချောင်းကျေးရွာမှ ဘုရားတကာ ဦးတင်အောင်ကပြောသည်။
“ပစ္စည်းမှာ ပန်းလိုမျိုးထွင်းလို့ပါတယ်။ ကျွန်တော်တို့ရွာကလူတွေကလည်း ရွာထဲလည်း မသွင်းဝံ့ဘူး။ ဘယ်လိုပစ္စည်းလည်းမသိ ဆိုပြီးတော့။ အခုတော့ ဘုန်းကြီးကျောင်းကိုပို့ထားတယ်။ ရှေ့ဆက်လို့ ဘာလုပ်သွားမလဲဆိုတာကို ကျွန်တော် တို့ မသိသေးဘူး။ ဆရာတော်ကြီး ရောက်လာမှသိရမယ်”ဟု ပြောသည်။
မင်းပြားမြို့နယ် ကုလားမတောင်အုပ်စု ဇိုင်ချောင်းကျေးရွာသည် အိမ်ထောင်စု ၂၄၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/484799506659892