ဘူးသီတောင် စစ်ဘေးရှောင်တွင် နေအိမ်တချို့ ယိုင်လဲပြိုပျက်နေ

By Western News/ 2022 March 18

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၊ လမ်းမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းရှိသည့် နေတချို့မှာ ယိုင်လဲပြိုပျက်နေပြီပြုပြင်ဖို့လိုအပ်နေကြောင်း စခန်းတာဝန်ခံများကပြောသည်။

မိုးရာသီရောက်လျှင် အဆိုပါစခန်းတွင် မိုးကြီးရေလျှံမှုများလည်း ရှိနေသည့်အတွက် အမြန်ဆုံးပြုပြင်ပေးကြရန် စခန်းနေထိုင်သူများက တောင်းဆိုနေကြသည်။

အဆောက်အဦများမှာ ပြိုပျက်နေပြီဖြစ်သည့်အတွက် ယခုနှစ်မိုးရာသီတွင် နေစရာအိမ်မရှိဖြစ်နိုင်သည်ဟု လမ်းမကယ်ဆယ်ရေးစခန်းဒုတာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။

“သစ်မကောင်းတဲ့အတွက် အဆောက်အဦတွေက ပြိုပျက်သွားပြီ။ မိုးရာသီဆိုလို့ရှိရင် နေစရာအိမ်လည်း ရှိမှာ မဟုတ်တော့ဘူး”ဟု ပြောသည်။

တချို့ယိုင်လဲနေသော တဲအိမ်များကို စစ်ဘေးရှောင်များကိုယ်တိုင်ပင် လုပ်အားခများကိုစုဆောင်၍ ရရှိလာသည့်ငွေများနှင့် နေအိမ် ပြန်လည်ပြုပြင်နေကြရသည်ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် စံဂိုးထောင်ကျေးရွာမှ ဒေါ်မကျော့သာက ပြောသည်။

“အိမ်တိုင်းလိုလို ယိုင်လဲနေတယ်။ ကျမတို့တဲဆိုလို့ရှိရင် နောက်ဖက်က သစ်လုံးတစ်လုံး ပြိုပျက်သွားလို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ထားရတယ်”ဟုပြောသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စု (၃၃၃) စုနှင့် လူဦးရေ (၁၃၅၂) ယောက်ရှိကြောင်း သိရှိရသည်။

အဆိုပါစခန်းတွင် ကျေးရွာ ၁၆ ရွာမှ စစ်ဘေးရှောင်များနေထိုင်ကြပြီး ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စုမှ ဥယျာဉ်သာကျေးရွာ၊ နွားရုံတောင်ကျေးရွာ၊ သျှစ်သျှားတောင်ကျေးရွာ၊ သရက်ပြင်ကျေးရွာ၊ ရသေ့တောင်မြို့နယ်မှ ကျောက်တန်းကျေးရွာတို့ပါဝင်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ထီးစွဲ၊ အောင်သာစည်၊ ကျောက်တန်းနှင့် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ အပ တခြားကျေးရွာက စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်လိုလျှင် ငွေကျပ် ၅ သိန်းနှင့် ရိက္ခာတစ်လစာ ထောက်ပံ့ပေးမည်ဟု ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုထားသည်။

သို့သော်လည်း စစ်ဘေးရှောင်များနေထိုင်ခဲ့သော မူလနေရာအနီးအနားတွင် စစ်ကောင်စီမှ တပ်စခန်းချထားမှုနှင့် မိုင်းအန္တရာယ်ထိခိုက်မည်ကို စိုးရိမ်မှုတို့ကြောင့် စစ်ဘေးရှောင်ပြည်သူအများစုမှာ ယခုထက်ထိနေရပ်မပြန်နိုင်သေးပေ။

https://www.facebook.com/westernnewsagency/posts/485699516569891

Leave a Reply

Your email address will not be published.