ဘင်္ဂလားပင်လယ်ပြင်က တရုတ်နိုင်ငံရဲ့စွန့်ပစ်အမှိုက်ကန်ဖြစ်နေပြီလား

By Boder News Agency (BNA) / 2022 March  23

မောင်ကံ

ဓာတ်ပုံ-တရုတ်အာကာသယာဉ်အစိတ်အပိုင်း ရခိုင်ကမ်းရိုးတန်းအနီးပင်လယ်ပြင်ကို ကျသည့်နေရာပြမြေပုံ/ ပို့ဆောင်းရေး။

ဓာတ်ပုံ-တရုတ်အာကာသယာဉ်အစိတ်အပိုင်း ရခိုင်ကမ်းရိုးတန်းအနီးပင်လယ်ပြင်ကို ကျသည့်နေရာပြမြေပုံ/ ပို့ဆောင်းရေး။

ရခိုင်ပြည်တောင်ပိုင်း သံတွဲနှင့်မာန်အောင်မြို့အနီးက ဘင်္ဂလားပင်လယ်ပြင်ထဲကို တရုတ်အာကာသ ယာဉ် အပိုင်းအစ (Aerospace Flight)တွေ စွန့်ပစ်ခဲ့တာဟာ တစ်နှစ်ကျော်အတွင်းမှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲလို တရုတ်အာကာသယာဉ်ရဲ့ အပိုင်းအ စတွေ စွန့်ပစ်ခဲ့တာကို သံတွဲနှင့် မာန်အောင်မြို့မှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတချို့မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသလို မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဌာနအောက်ရှိ လေကြောင်း၊ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း တရားဝင်သတိ ပေးစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ် အပိုင်းအစတွေ ပထမဆုံးအကြိမ် စွန့်ပစ်ခဲ့တဲ့အချိန်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင် ဘာလ ၂၇ ရက်နေ့ကဖြစ်ပြီးတော့ အဲဒီကာလဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဦး ဆောင်တဲ့ အစိုးရတာဝန်ယူထားချိန်ဖြစ်ပါတယ်။

တရုတ်အာကာသယာဉ်အပိုင်းအစတွေ ပင်လယ်ထဲကို ကျရောက်ခဲ့တဲ့အချိန်ကဆိုရင် သံတွဲမြို့က နေအိမ်တစ်ချို့ဟာ တုန်ခါခဲ့ပြီးတော့ ဒေသခံတွေလည်း ထိတ်လန့်မှုတစ်ချို့ဖြစ်ခဲ့ရတယ်လို့ သံတွဲမြို့ခံတွေက ပြောပါတယ်။တရုတ်အာကာသယာဉ်အပို င်းအစတွေ ဒုတိယအကြိမ် စွန့်ပစ်ခဲ့တဲ့အချိန်က တော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ကဖြစ်ပြီးတော့ ကောင်းကင်ပေါ်က ထူးဆန်းတဲ့ မီးအလင်း တန်းတွေ သံတွဲနှင့် မာန်အောင်မြို့အနီးက ပင်လယ်ပြင် ထဲကို ထိုးဆင်းသွားတာကို ဒေသခံတွေက တွေ့မြင်ခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံတွေလည်း ရိုက်ယူနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်ဆိုရင်တော့ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ် အပိုင်းအစတွေ ဒုတိယအကြိမ် ကျရောက်လို့ သိပ်မကြာခင်မှာပဲ တတိယအကြိမ်အဖြစ် အာကာသယာဉ် အပိုင်းအစတွေကို ထပ်မံစွန့်ပစ်ခဲ့ပါတယ်။တတိယအကြိမ် စွန့်ပစ်ခဲ့တဲ့အချိန်ကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်ကဖြစ်ပြီးတော့ ဒုတိယအကြိမ် စွန့်ပစ်ခဲ့ပြီး နှစ်လခန့် အကြာမှာ ထပ်မံစွန့်ပစ်ခဲ့တာဖြစ်ပါတယ်။

တတိယအကြိမ် တရုတ်အာကာသယာဉ်ရဲ့ အစိတ် အပိုင်းတွေ စွန့်ပစ်ခဲ့တဲ့နေရာဟာ  ရခိုင်ပြည်နယ်၊သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင်(၂၂)မိုင်ခန့်၊ မာန်အောင်လေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၀)ခန့်နှင့် ပုသိမ်လေဆိပ်ရဲ့ အနောက်တော င်ဘက် ရေမိုင်(၆၃)မိုင်ခန့်အကွာ ပင်လယ်ပြင်အတွ င်းမှာ ဖြစ်တဲ့အတွက် လူနေကုန်းမြေနဲ့ အရမ်းနီးကပ်နေပါတယ်။ဒီအချိန်ဟာလည်း စစ်ကောင်စီလက် ထက်မှာပဲဖြစ်ပါတယ်။

အဲဒီလို တရုတ်အာကာသယာဉ်တွေရဲ့ အစိတ်အပိုင်းတွေ ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်ပြင်ထဲ စွန့်ပစ်မှာကို တရုတ်နိုင်ငံ ဘေဂျင်း လေယာဉ်မှူး သတိပေးလွှာထုတ်ပြန်ရေးရုံးက မြန်မာနိုင်ငံပို့ ဆောင်ရေး ဝန်ကြီးဌာနကို ကြိုတင်သတိပေးတာဟာ ရက်ပေါင်း ၁၃ ရက်သာကြာမြှင့်ပြီးတော့ မြန်မာ နိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာနကနေ ဒေသခံတွေနဲ့ ငါးဖမ်းလှေသမားတွေကို သတိပေးအကြောင်းကြားတာ မရှိဘူးလို့ သံတွဲနှင့် မာန်အောင်အခြေစိုက် ငါးဖမ်းလှေသမားတွေက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ လေကြောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကတော့ တရုတ်အာကာသ ယာဉ် အစိတ်အပိုင်းတွေ ခန့်မှန်းကျရောက်မယ့်နေ့၊ ခန့်မှန်းကျရောက်မယ့်နေရာ၊ခန့်မှန်းကျရောက်မယ့်အချိန်တွေကိုတော့ သတိပေးစာထုတ်ပြန်ပြီး အွန်လိုင်းပေါ်မှာ တင်ထားတာကိုတွေ့ရပါတယ်။

အဲလိုအွန်းလိုင်းက သတိပေးစာထုတ်ပြန်တာဟာအင်တာနက်လိုင်းမမိဘဲ ပင်လယ်ထဲကို ရောက်နေတဲ့ ငါးဖမ်းလှေ သမားတွေအတွက် ကြိုတင်သတိ ပေးချက်မဟုတ်ဘူးလို့ ငါးဖမ်းလှေသမားတွေက ပြောပါတယ်။

ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ် အပိုင်းအစတွေ သုံးကြိမ်တိတိ စွန့်ပစ်ခဲ့ တာကြောင့် ရေပြင်ပေါ်မှာ ထိခိုက်မှုမရှိပေမယ့် ရေအောက်မှာရှိတဲ့ ရေနေသတ္တဝါတွေအတွက် ဘယ်လောက်ထိ ထိခိုက်သွားတယ်ဆိုတာကိုတော့ ဘယ်သူမှ ခန့်မှန်းလို့မရပါဘူး။

အဲလိုထိခိုက်မှုတွေရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ အစိုးရဌာနတွေက ကွင်းဆင်းလေ့လာတာမရှိခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတဲ့ လူမှုအဖွဲ့အစည်း တွေက လည်း လေ့လာမှုတွေ မပြုလုပ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းတစ်ခုအပေါ် အာကာယာဉ်ကလို့ ယူဆရတဲ့ သတ္တုကိုယ်ထည်အပိုင်းတစ်ခု ကျရောက်ခဲ့တယ်လို့ VOA သတင်းဌာနမှာ ရေးသားခဲ့ပါ တယ်။

တရုတ်အာကာသယာဉ်က မလိုအပ်လို့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေနဲ့ ပတ်သက်ပြီးတော့ ထိခိုက်သေ ကြေ ပျက်စီးမှုတွေရှိခဲ့ရင် နစ်နာကြေးပေးမှာလား။ အဲဒီလိုစွန့်ပစ်မှုကြောင့် အဏ္ဏဝါဂေဟစနစ်ပေါ်မှာ ဘယ်‌လောက်ထိ ထိခိုက်မှု ဖြစ်သွားပြီလဲ။မမျှော် မှန်းနိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုတွေအတွက် တရုတ်မှာတာဝန်ရှိတာကြောင့် တောင်းဆိုမှုတစ်ခုခုလုပ်ဖို့ လိုအပ်လာပြီလို့ ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အရာရှိကြီးတစ်ဦးက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေး သားခဲ့ပါတယ်။

တရုတ်အာကာသယာဉ်ရဲ့ စွန့်ပစ်အမှိုက်ကြောင့် ရေအောက်သယံဇာတွေ များစွာထိခိုက်နိုင်နိုင်ပြီး သန္တာ ကျောက်တန်း တွေ၊ သားငါးပုစွန်တွေ၊ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ရေနေသတ္တဝါမျိုးစိတ်တွေကို ထိခိုက်နိုင်တယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဥက္ကဌ ကိုသန်းလှက ပြောပါတယ်။

အဲဒီအာကာသအမှိုက်မှာ ဓာတုပစ္စည်းတွေပါလာတာကြောင့် ရေသယံဇာတအတွက် အများကြီးထိ ခိုက်မှာဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။

ဒါပေမယ့် အံ့ဩစရာကောင်းတာတစ်ခုက တရုတ်နိုင်ငံရဲ့ တရုတ်အာကာသယာဉ် အပိုင်းအစတွေ ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ် ပြင်ထဲကို စွန့်ပစ်တာကို NLD အစိုးရလက်ထက်မှာလည်း ကန့်ကွက်တာ မရှိခဲ့သလို လက်ရှိ စစ်ကောင်စီကလည်း ကန့်ကွက်တာ မတွေ့ရပါဘူး။

ပြီးတော့ ရခိုင်ပြည်မှာ ပြည်သူထောက်ခံမှုနဲ့ ရခိုင်ပြည်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထား နိုင်ပြီလို့ပြောတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ကလည်း အဲဒီကိစ္စအပေါ်မှာ မှတ်ချက်တစ်စုံ တစ်ရာပေးတာ ကန့်ကွက်တာမျိုးမရှိသေးပါဘူး။

ဒါက တရုတ်ပစ္စည်းဖြစ်နေပြီးတော့ မြန်မာနိုင်ငံအစိုးရက တရုတ်ကိုမကျော်နိုင်ဘဲ နိုင်ငံရေး၊စီးပွား ရေးအရ မှီခိုနေရတာကြောင့် အစိုးရမှာ ကန့်ကွက်ရဲတဲ့သတ္တိမရှိသလို လက်ရှိစစ်ကောင်စီကလည်း သူတို့ရဲ့အကျိုးစီးပွား တွေကို ကြည့်နေရလို့ဖြစ်တယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဥက္ကဌကိုသန်းလှက မှတ်ချက်ပေးပါတယ်။

ရခိုင်ပြည်နှင့် နယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ မြန်မာဘက်က ခဲတစ်လုံးသူတို့နိုင်ငံဖက်ကို ကျရင်တောင် မြန်မာနိုင်ငံအစိုးရဆီကို ကန့် ကွက်စာ ပေးပို့ခဲ့တာရှိတယ်လို့ မောင်တောခရိုင်မှာ ခရိုင်ဥပဒေအရာရှိအဖြစ် ခြောက်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥပဒေအရာရှိဟောင်းတစ်ဦးက သူကြုံခဲ့ရသည့် အတွေ့အကြုံကို ပြောပြပါတယ်။

မြန်မာနိုင်ငံကတော့ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့်မတူပါဘူး။ကန့်ကွက်စာတစ်စောင်ပို့ဖို့အတွက် သက်ဆိုင် ရာဌာန အသီးသီးကို တင်ပြပြီးတော့ ခွင့်ပြုချက်တောင်းခံနေရပြီး ခွင့်ပြုချက်ရမှသာ ကန့်ကွက်စာထုတ်ပြန်ပေးရတဲ့ အနေအထားဖြစ်တယ်လို့ ဥပဒေအရာရှိဟောင်းက ဆက်ပြောပါတယ်။

အဲလိုမျိုး စာတစ်စောင်ထုတ်ဖို့အတွက် အဆင့်ဆင့်လုပ်နေရတဲ့ မြန်မာနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မတူဘဲ တရုတ်နိုင်ငံရဲ့လုပ်သမျှကို ခံနေရတဲ့အနေအထားပါ။ကိုယ့်အိမ်ကအမှိုက်ကို တခြားအိမ်ခြံထဲကို သွားပြီးစွန့်ပစ်တာကိုတော့ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူးဆိုတာကို လူတိုင်းနားလည်ကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အဆက်ဆက် တာဝန်ယူခဲ့တဲ့ အစိုးရအသီးသီးဟာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လာရင် ကန့်ကွက်တာတွေ လုပ်လေ့လုပ်ထမရှိသလို မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက ကန့်ကွက်ရင်တောင် ရေငုံနှုတ်ပိတ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒီလို ရေငုံနှုတ်ပိတ်နေရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ နိုင်ငံတကာဖိအားတွေမှာ တရုတ်ဗီတိုကို အားကိုး နေရဆဲဖြစ်သလို စီးပွားရေးအရလည်း တရုတ်နိုင်ငံအပေါ် မှီခိုနေရလို့ဖြစ်ပါတယ်။ မြန်မာကုန်သွယ်ရေးဦးစီးဌာန စာရင်းအရ တရုတ်က မြန်မာနိုင်ငံရဲ့အဓိ ကကုန်သွယ်ဖက် နိုင်ငံဖြစ်နေပါတယ်။

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ကုန် သွယ်ရေးစခန်း ၁၈ ခုရှိတဲ့အနက် မူဆယ်ဂိတ်တစ်ခုတည်းရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏက မြန်မာနှင့် နိုင်ငံတကာ ပင်လယ်ရေကြောင်း+နယ်စပ်ကုန်သွယ်မှုအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းခန့်ရှိနေပါတယ်။

ဒီလိုအနေအထားမျိုးမှာ မြန်မာအစိုးရတွေက တရုတ်ကို ကန့်ကွက်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်နေမှာပါ။

အလားတူပဲ ရခိုင်ပြည်သူလူထု ထောက်ခံမှုအများစုရရှိထားတဲ့ ရက္ခိုင့်တပ်တော်(AA)ဟာလည်း တရုတ် နယ်စပ်အနီး လိုင်ဇာမှာ သန္ဓေတည်လာခဲ့တဲ့ အဖွဲ့ဖြစ်နေတာကြောင့် တရုတ်ရဲ့ လုပ်ရပ်တွေအပေါ်မှာ မှတ်ချက်ပေးဖို့၊ ကန့်ကွက်ဖို့ ခက်ခဲနေပါလိမ့်မယ်။

ဒါပေမယ့် နိုင်ငံတကာ အာကာသဥပဒေတွေကို လက်မှတ်ထိုး အဖွဲ့ဝင်ထားတဲ့ တရုတ်နိုင်ငံကတော့ အခုလိုမျိုး အာကာသယာဉ်အစိတ်အပိုင်းတွေ တခြားနိုင်ငံမှာ စွန့်ပစ်တာဟာ ဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆိုတာကတော့ မေးခွန်း ထုတ်စရာပါ။

အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ ကုလ သမဂ္ဂကော်မတီ(UNCOPUOS)က ကြီးကြပ်ပြီး အာကာသဥပဒေကို ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာပဋိညာဉ် (၅) ခုဖြစ်တဲ့ The Outer Space Treaty ၊ The Rescue Agreement ၊ The Moon Agreement ၊ The Liability Convention နှင့် The Registration Convention ထဲမှာ တရုတ်နိုင်ငံဟာ The Moon Agreement ကလွဲရင် ကျန်တဲ့ပဋိညာဉ်တွေကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ် ပါတယ်။

အဲဒီအထဲမှာမှ The Liability Convention လို့ခေါ်တဲ့ The Convention on International Liagility for Damage Caused by Objects မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံဟာ သူတို့ရဲ့ အာကာသယာဉ်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်တဲ့ ဘယ်လိုထိခိုက်ပျက် စီးမှုကိုမဆို တာဝန်အပြည့်အဝယူရမယ်၊ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေး တောင်းခံမှု စီရင် ချ က်အတွက် လုပ်ထုံးလုပ်နည်းတွေကို သဘောတူရမယ်လို့ ပြဌာန်းထားပါတယ်။

ကွန်ဗန်းရှင်းရဲ့ ပုဒ်မ ၈ အရ ထိခိုက်ပျက်စီးမှုခံစားရတဲ့နိုင်ငံတစ်နိုင်ငံဟာ(သို့မဟုတ်) သဘာဝအရသော် လည်းကောင်း တရားဥပဒေကြောင်းအရသော်လ ည်းကောင်း လူပုဂ္ဂိုလ်တွေ ထိခိုက်ခံစားရတဲ့ နိုင်ငံတစ်နိုင်ငံဟာ အဲ့ဒီလိုထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးတောင်းဆိုမှုတရပ်ကို(အာကာသဒုံးပျံ) လွှတ်တင်တဲ့နိုင်ငံကို အကြောင်းကြားတင်ပြနိုင်တယ် လို့ ပြဌာန်းထားပါတယ်။

ဒီမှာရှင်းလင်းတဲ့အချက်ကတော့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းအနီးမှာ တရုတ်အာကာသယာဉ် အစိတ်အပိုင်းတွေ ကျတဲ့အတွက် တရုတ်မှာတာဝန်ရှိသလို လျော်ကြေးပေးရမယ့်တာဝန်လည်းရှိနေတယ်။

ဒါပေမယ့် တည်ဆဲနိုင်ငံတကာ အာကာသဥပဒေအရ အစိုးရ- အစိုးရချင်းပဲ လုပ်လို့ရတဲ့အတွက် ရေငုံနုတ်ပိတ်နေတဲ့ မြန်မာအစိုးရနဲ့တော့ အဆင်မပြေနိုင်သေး။

ကွန်ဗန်းရှင်းမှာတော့ အရင်ဆုံးနိုင်ငံအစိုးရတွေ အ ချင်းချင်းကြား သံတမန်ရေးနဲ့ ဖြေရှင်းကြဖို့နှင့် သံတမန်နည်းနဲ့ မကျေအေးရင် ခုံသမာဓိရုံးအဖြစ် လုပ်ဆောင်ဖို့ Claims Commission ဖွဲ့စည်းပြီး ကိုတွယ်ရမယ်လို့ ဖော်ပြထား ပါတယ်။ အဲဒီကော်မရှင်က လျော်ကြေးကို ဆုံးဖြတ်ရမှာဖြစ်ပြီးတော့ ကော်မရှ င်ရဲ့ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အာကာသကစွန့်ပစ်ပစ္စည်းတွေ ကမ္ဘာမြေပေါ် ပြုတ်ကျတဲ့ အခြားဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၈ ခုနှစ်တုန်းက ဆိုဗီယက်ကော့စမို့စ် ၉၅၄ ဂြိုလ်တုဟာ ကနေဒါနိုင်ငံအနောက်မြောက်ပိုင်းနယ်မြေမှာရှိတဲ့ ကျက်တီးမြေ တစ်ခုထဲကို ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျတဲ့အချိန်မှာ ဂြိုလ်တုမှာပါတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုက ရေဒီယိုသတ္တိကြွ အပိုင်းအစ အပျက်အစီးဟာ မြေပြင်တွေဆီ ဖြန့်ကျက်ပျံ့နှံ့သွားခဲ့ပါတယ်။ ကနေဒါ-အမေရိကန် ပူးတွဲအဖွဲ့တဖွဲ့ဟာ ရေဒီယိုသတ္တိကြွဒဏ်သင့်နေရာကို ရှင်းလင်းသန့်စင်မှုလုပ်ဆောင်ခဲ့ကြပြီး ကနေဒါဒေါ်လာ ၁၄ သန်းကျော်ကုန်ကျခဲ့ ပါတယ်။

ဆိုဗီယက်ယူနီယံဆီကနေ ကနေဒါဒေါ်လာ ၆ သန်းကို ကနေဒါက တောင်းခံခဲ့ပေမယ့် နောက်ဆုံး ကျေ အေးမှုမှာ ဆိုဗီယက်တွေက ကနေဒါဒေါ်လာ ၃ သန်းသာပေးခဲ့တယ်လို့ ပေးဆောင်ခဲ့ရတယ်လို့ Arizona State University မှ အာကာသနှင့် လူ့အဖွဲ့အစည်း ၏ လက်ထောက် ပါမောက္ခ Timiebi Aganaba က The Washington Post မှာ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်က ရေးသားခဲ့ပါတယ်။

အထူးခြားဆုံးဖြစ်ရပ်ကတော့ ၁၉၇၉ ခုနှစ်က အမေရိကန်အာကာသစခန်းတခုဖြစ်တဲ့ Skylab ဟာ အိန္ဒယသမုဒ္ဒရာနဲ့ ဩစတြေးလျ အနောက်ပိုင်းက လူမနေတဲ့နေရာတွေပေါ် အစိတ်စိတ်အမွှာမွှာ ပြုတ်ကျခဲ့ပါတယ်။ အမှိုက်ဖွမှုအတွက် ဆိုပြီး ဒေသခံအစိုးရတဖွဲ့က နောက်နောက်ပြောင်ပြောင်ပဲ နာဆာ(NASA) ကို အမေရိကန်ဒေါ်လာ ၃၁၁ ဒေါ်လာ ဒဏ်ရိုက်ခဲ့ ပါတယ်။

အဲဒီဒဏ်ကြေးကို ၂၀၀၉ ခုနှစ်ကျမှ အမေရိကန်ရေဒီယိုအစီအစဉ်မှူးတစ်ဦးက ပေးခဲ့ပေမယ့် နာဆာ(NASA)ကတော့ မသိကျိုးကျွန်ပြုခဲ့ပါတယ်လို့ Timiebi Aganaba က ရေးသားခဲ့ပါတယ်။

အာကာသအပျက်အစီး အစအနလျော့နည်းရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက်(၂၀၀၇)မှာလည်း ဒီလိုအပျက်အစီး အစအနတွေကို တားဆီးရေးဆိုင်ရာကိစ္စရပ်ကို ထည့်သွင်းထားပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံ့ဥပဒေတွေမှာပါ ဒီကိစ္စရပ်တွေကို ထည့်သွင်းကိုင်တွယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ခုလက်ရှိ မြန်မာ့အကျပ်အတည်းကြောင့် ချက်ချင်းမကိုင်တွယ်နိုင်သေးရင်တောင် အနှေးနဲ့အမြန် တချိန်မှာ ဥပဒေပြဌာန်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ခိုင်မာတဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ မကာကွယ်ရင်တော့ တရုတ်နိုင်ငံက အာကာသယာဉ် အစိတ်အပိုင်းတွေကို မြန်မာနိုင်ငံနယ်နမိတ်ထဲမှာ ဆက်ပြီးတော့ စွန့်ပစ်နေမှာဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=155261600249488&id=107469705028678

Leave a Reply

Your email address will not be published.